တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာတွင် (၁)ဧက တင်း (၁၀၀)ထွက်ရှိစေရေး ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးပွဲတက် တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက်မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ တောင်သူဦးကျင်လှိုင်၊ ဦးကျော်ဇောလင်း၊ ဦးစန်းဝင်းတို့၏လယ်မြေတွင် ပျိုးဗန်းဖြင့် ပျိုးထောင်ထားသည့်ပျိုးပင်များကို ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲတက်ရောက်ခဲ့ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကာ ကောက်စိုက်စက်နှင့်စိုက်ပျိုးခြင်းဖြင့် ပျိုးထောင်စရိတ်သက်သာခြင်း၊ အချိန်၊ လုပ်သား၊ သွင်းအားစုများလျော့ချနိုင်ခြင်း၊ ကောက်ကွက်ပြည့်မီ၍ အထွက်နှုန်းကောင်းခြင်းစသည့် အကျိုးကျေးဇူးများရရှိသဖြင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကို တွင်ကျယ်စွာအသုံးပြုနိုင်ရေးပြောကြားသည်။
ထို့နောက် နည်းပညာပြန့်ပွားရေးစင်တာတွင် တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအနေဖြင့် မိုးစပါး၊ နွေစပါးများကိုပန်းတိုင်အထွက်နှုန်းများရရှိစေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များသုံးစွဲကြရန်၊ စနစ်တကျမြေပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို အချိုးကျသုံးစွဲကြရန်၊ မိရိုးဖလာစိုက်ပျိုးနည်းများအပြင် ခေတ်မီစိုက်ပျိုးနည်းစနစ်များ၊ စက်ကိရိယာများအသုံးပြုဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး တစ်ဧက တင်း၁၀၀ ထွက်ရှိရေး ဧက ၁၀၀ စံပြကွက် တောင်သူများသို့ ဓာတ်မြေသြဇာအိတ် ၁၀၀ ပေးအပ်ခဲ့သည်။