မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ပုသိမ်မြို့၌ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွေဝါခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားအား ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားသည်  မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားဆောင်ရွက်သည့် အခမ်းအနားဖြစ်ပါကြောင်း၊  ၁၉၉၅ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံမှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များအရ အမျိုးသမီး များဖွံ့ ဖြိုးတိုးတက်ရေးကိုတက် ကြွစွာဆောင်ရွက်နိုင်ရန်  မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် အဖွဲ့ဝင်၂၃ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ထိုနေ့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအမည်ကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအဖြစ် အမည်ပြောင်းလဲ၍ အစိုးရဌာနများအပြင် အမျိုးသမီးအရေးကို တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်းများထည့်သွင်းပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊  မြန်မာအမျိုးသမီးတို့သည် မြန်မာနိုင်ငံသမိုင်းဦးအစမှ ယနေ့အထိ ဘာသာ၊သာသနာ၊ ပညာရေး၊ စာပေ၊ အနုပညာ၊ စီးပွားရေးစတဲ့ နိုင်ငံ့အရေးအတွက်အရေးပါတဲ့အခန်းကဏ္ဍများတွင် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ခဲ့ကြပြီး ယနေ့မျက်မှောက်ကာလတွင်  အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှာ ပေါ်ထွန်းနေပြီဖြစ်ပါကြောင်း၊ အစဉ်အလာကောင်းများအား ဂုဏ်ယူလက်ဆင့်ကမ်းလျှက် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း တည်တံ့ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ဆထက်ထမ်းပိုး ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေနိုင်ရန်အတွက် ဇူလိုင်လ ၃ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများအား ကြိုဆိုဂုဏ်ပြုပါကြောင်း”ပြောကြားသည်။

ထို့နောက် ၂၀၂၂ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများမှ ဝန်ထမ်း‌စွမ်းဆောင်ရည်မြှင့် ရိုးရာပွဲတက် ဝတ်စုံချုပ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ရရှိသည့် ဝန်ထမ်း၂ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆုများချီးမြှင့်ပြီး အခမ်းအနားသို့တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဆောင်ရွက်သည့် ငှက်ပျောလျှော်၊ ငှက်ပျောချည်ဖြင့်ရက်လုပ်သည့် လူသုံးကုန်ပစ္စည်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်သည့် ချည်သားဖြင့်ရက်လုပ်သည့် လူသုံးကုန်ပစ္စည်းများနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ဆောင်ရွက်သည့်စားသောက်ကုန်ပစ္စည်းများ၊ ဗေဒါဖြင့်ရက်လုပ်သည့် လူသုံးကုန်ပစ္စည်းများခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းများကိုအသုံးပြုပြီးအရည်အသွေးကောင်းမွန်သည့်ကုန်ထုတ်ပစ္စည်းများပိုမိုထုတ်လုပ်နိုင်ရေးနှင့် စျေးကွက်ပိုမိုရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကမ်းနားလမ်း၊ ပုသိမ်-ငပုတောကားလမ်း၊မြို့ပတ်လမ်းနှင့်တောင်ပေါ်လမ်းများတစ် လျှောက်သို့ သွားရောက်၍ ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့အား “CLEAN CITY” ဖြစ်စေရေးအတွက် စည်ပင်သာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများစုပေါင်း၍ အပတ်စဉ် စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းရေးဆောင်ရွက်မှုအား အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရေး ပလတ်စတစ် ကင်းစင်ရေးအတွက် ပလတ်စတစ်ကမ်ပိန်းများ ပြုလုပ်၍ ပြည်သူများ ပိုမိုပူးပေါင်းဆောင်ရွက်လာစေရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

02-Jul-2022