ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဟင်္သာတခရိုင်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၁ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာရှိ တောင်သူ ဦးကြည်ရွှေ၏ လယ်မြေ (၂)ဧကတွင် တစ်နှစ်လျှင် (စပါး၊ ပဲ ၊ နေကြာ)သုံးသီး စိုက်ပျိုးနိုင်ရေး မိုးစပါးမစိုက်မီ ရက် (၈၀)သက်တမ်းနေကြာ (ဆင်းရွှေကြာ-၂) စိုက်ပျိုးဖြစ်ထွန်းပြီးအချိန်မီရိတ်သိမ်းနိုင်မှုအား ကြည့်ရှုအားပေးခဲ့ကာ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ ရာသီဥတုနှင့်ကိုက်ညီစွာ စိုက်ပျိုးနိုင်ရေးနှင့် တစ်နှစ်သုံးသီးစိုက်ပျိုးခြင်းကို ပိုမိုဖြစ်ထွန်းအောင်မြင်ဆောင်ရွက်ရေး မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ငဝန်တာ၊ တာမိုင် ၂၅/၅ မိုင်တွင် ဟင်္သာတခရိုင်၊ ဆည်းမြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိုးရာသီမြစ်ရေမြင့်တက်မှုကြောင့် ဖြစ်ပေါ်လာမည့်ရေဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက်ရေဘေးကာကွယ်ရေးအစီအမံများစနစ်တကျရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တာတမံများကိုလည်း အကြိမ်ကြိမ်ပြုပြင်မွမ်းမံတည်ဆောက်ခဲ့ပြီး ယခုအခါ ပိုမို ကြံ့ခိုင်အောင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို စီမံချက်များရေဆွဲဆောင်ရွက်သည့်အပြင် လက်တွေ့ ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ပြီး လိုအပ်မှုများဖြည့်ဆည်းဆောင်ရွက်ရန်လိုပါကြောင်း၊ မြစ်ရေမြင့်တက်လာပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိပါက အရေးပေါ်အခြေအနေအဆင့် ၁ ဖြစ်သတ်မှတ်၍ ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံအစိမ်းရောင်၊ စိုးရိမ်ရေမှတ်အထက်ကျော်လွန်မြင့်တက်လျက်ရှိပါက အလံအဝါရောင်နှင့် မြစ်ရေအမှတ်မှာ ဆက်လက်မြင့်တက်လာပြီး တာတမံကိုယ်ထည်ပေါ်ရေကျော်လာ၍ တာတမံကျိုးပေါက်နိုင်မည့်အခြေအနေရှိပါ အလံအနီရောင်လွှင့်ထူဆောင်ရွက်ရမည့် အခြေအနေများ သိရှိနားလည်ထားကြရန်၊ သဘာဝဘေးအန္တရာယ်များကို အချိန်မီကြိုတင်ကာကွယ်နိုင်ရန်အတွက် တာတမံများတာဝန်ချထားသည့်ရေကင်းအဖွဲ့များ၊ ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ရေဘေးကာကွယ်ရေးနည်းလမ်းများအတိုင်း ဂရုတစိုက်စောင့်ကြည့်ကြရန်၊ ထူးခြားမှုရှိပါကသတင်းပေးပို့ခြင်းလုပ်ငန်းများကို မြန်ဆန်မှန်ကန်စွာ တက်ညီလက်ညီပူး ပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။
ဆက်လက်၍ ဟင်္သာတခရိုင် ဆည်းမြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှူးမှ ခရိုင်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုများနှင့် ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခြင်းများကိုရှင်းလင်းတင်ပြခဲ့ပါတယ်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံများပေးအပ်ခဲ့သည်။
ထို့နောက် ဟင်္သာတခရိုင် ဆည်းမြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှတာတမံကိုယ်ထည်ရေစိမ့်ထွက်ခြင်းနှင့် ရေပေါက်များဖြစ်ပေါ်ခြင်း၊ ကမ်းပြိုခြင်း၊ လှိုင်းပုတ်ခြင်းတို့အတွက် ကာကွယ်ဆောင်ရွက်ရမည့်အခြေအနေများကို ရေဘေး ကာကွယ်ရေးလက်တွေ့သရုပ်ပြရှင်းလင်းတင်ပြခြင်းနှင့် ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုအစီအစဉ် ဇာတ်တိုက်လေ့ကျင့်မှုများကိုကြည့်ရှုအားပေးခဲ့ပြီးနောက် ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ရေးအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။