တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မိုးနေကြာစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဓာတ်မြေသြဇာအိတ်များ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် မြန်အောင်မြို့၊ အားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် မိုးရာသီနေကြာ မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံပွဲတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအနေဖြင့် စားသုံးဆီဖူလုံစေရေးဆောင် ရွက်လျက်ရှိရာ၍ မိုးရာသီနေကြာ မျိုးစေ့ထုတ်ဧက ၃၀၀၀ ကို ဇွန်လ ၁ ရက်နေ့မှစတင်စိုက်ပျိုးခဲ့ပြီး ၂၅ ရက်နေ့တွင် ထွန်တုံးပိတ်စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊ နေကြာစိုက်ပျိုးခြင်းလုပ်ငန်းများအောင်မြင်စေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် တောင်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုးနေကြာများတွင် ပေါင်းရှင်းခြင်း၊ ပင်ပွားဖယ်ခြင်း၊ ပိုးမွှားကျရောက်မှုများမှကာကွယ်ခြင်းလုပ်ငန်းများကိုစနစ်တကျလုပ်ကိုင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ မိုးနေကြာဖြစ်ထွန်းအောင်မြင်စေရေး  တောင်သူများ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့ပါတယ်။ 

ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးမှ မိုးရာသီနေကြာ မျိုးစေ့ထုတ်စိုက်ပျိုးဆောက်ရွက်နေမှုများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြန်အောင်မြို့နယ်ရှိ မိုးရာသီနေကြာ မျိုးစေ့ထုတ်စိုက်ပျိုးသည့်တောင်သူများအတွက် ဓာတ်မြေသြဇာ အိတ် ၁၃၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မြန်အောင်မြို့နယ်၊ ကဇွန်းခုံကျေးရွာ၊ မိုးရာသီနေကြာ မျိုးစေ့ထုတ်စံပြ(၅)ဧက စိုက်ခင်းရှိ တောင်သူဦးစိန်ကြည်ပါ (၂)ဦး၏ မိုးရာသီနေကြာ မျိုးစေ့ထုတ်စိုက်ခင်းနှင့် ဘုရားငုတ္တိုကျေးရွာ၊ တောင်သူဦးအောင်မြင့်စိန်၏ မိုးရာသီနေကြာ မျိုးစေ့ထုတ်စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေးခဲ့သည်။

01-Jul-2022