၂၀၂၂ခုနှစ်၊ ‌ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်‌ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံပေးအပ်

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၃၀ ရက်နေ့ညနေ ၃နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်း  အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး ပိုက်ကျော်ခြင်း အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား နေပြည်တော်၌ ဇူလိုင်လ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း၊  ၃၁ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ လက်ရွေးစင်အားကစာသမားများဖြစ်ခဲ့ကြသည့် နိုင်ငံဂုဏ်ဆောင် အမျိုးသမီးအားကစားသမားနှစ်ဦးသည် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၂)ခု၊ ကြေးတံဆိပ်(၂)ခု ရရှိခဲ့ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲတွင်လည်း အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိခဲ့ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမားများအနေဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်ကစားကြရန်၊ ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် အားကစားမောင်/မယ်များ၊ အသင်းအုပ်ချုပ်သူများအနေဖြင့် မိမိတို့အသင်း အောင်မြင်မှု ဆက်လက်ရရှိအောင် ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်သွားရန်၊နည်းပြများအနေဖြင့် မိမိအသင်း၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ကာ ပြိုင်ပွဲတွင် အနိုင်ရရှိရေး စွမ်းဆောင်ပေး ကြရန်ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုဆုငွေများအား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့သည်။အဆိုပါ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲတွင် အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ လက်ထောက်နည်းပြ ၆ ဦးနှင့် ပြိုင်ပွဲဝင် အမျိုးသား၊ အမျိုးသမီး ၂၃ ဦးပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရသည်။

30-Jun-2022