လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၂/၂၀၂၂) သင်တန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်မြို့၌ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအား  ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဧရာရွှေဝါခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသော တိုင်းဒေသကြီးဖြစ်ပြီး စပါးအပါအဝင်သီးနှံစုံ ဧက ၈၁သိန်းကျော် စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိရာ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ အရည်အသွေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံစိတ်ချရသောသီးနှံများထွက်ရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ခင်းများတွင် ပိုးမွှားများကျရောက်လာပါကနှိမ်နှင်းနိုင်ရန်  ပိုးသတ်ဆေးများအသုံးပြုကြရာတွင် ပိုးသတ်ဆေးဥပဒေအတိုင်းလိုက်နာဆောင်ရွက်စေရန်၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ်ကိုသိရှိနားလည်ပြီးစနစ်တကျကိုင်တွယ်သုံးစွဲတတ်စေရန်၊ ဘက်စုံသီးနှံကာကွယ်ရေးလုပ်ငန်းစဉ်တွင် ဓာတုနည်းဖြင့်ကာကွယ်နှိမ်နှင်းခြင်းကို ထိရောက်အောင်မြင်စေရန်နှင့် သဘာဝပတ်ဝန်းကျင်မပျက်ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ ယနေ့သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ပိုးသတ်ဆေးများကို စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုရာတွင် လိုတာထက်ပို၍သုံးစွဲမိပါက သီးနှံထိခိုက်မှုများရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်ပိုးသတ်ဆေးအသုံးပြုသူများ၊ ရောင်းချသူများအနေဖြင့် သုံးစွဲသင့်သည့်ပိုးသတ်ဆေးများ၊မသုံးစွဲသင့်သည့်ပိုးသတ်ဆေးများအား ယခုသင်တန်းတွင် ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် လိုက်နာမှတ်သား၍ ဆင့်ပွားအသိပညာပေးမှုများ ပြုလုပ်ရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကျရောက်တတ်သောပိုးမွှား အန္တရာယ်များအား တွန်းလှန်ကာကွယ်နိုင်ရန်နှင့် သီးနှံအထွက်နှုန်းများ တိုးတက်စေရန်၊ အရည်အသွေးရှိပြီး ရောင်းတန်းဝင် သီးနှံများရရှိစေနိုင်ရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်” ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိန်မောင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးရုံးချုပ်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ သင်တန်းမှုးဆရာမ ဒေါ်ဆိုင်းရော်က သင်တန်းစည်းကမ်းများကိုရှင်းလင်းခြင်းနှင့်သင်တန်းပို့ချနေမှုကိုကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသင်တန်းအား ယခုလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၂၅၅ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

28-Jun-2022