တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ သဘာဝပတ်ဝန်းကျင်စိန်းလမ်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေးနှင့် သစ်တောသယံဇာတများရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးတို့ကိုရည်ရွယ်၍ ပုသိမ်မြို့ အမှတ် (၃၆) မှန်စက်ရုံဝန်းအတွင်း၌ သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၂ခုနှစ်၊မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများအား တိုင်း၊ ခရိုင်၊ မြို့နယ်များအလိုက် ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ယင်းသို့စိုက်ပျိုးရာတွင်တစ်ပင်စိုက်ပျိုးလျှင် တစ်ပင်ရှင်သန်အောင် သစ်တောဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းပြုစုရန်လည်း လိုအပ်ပါကြောင်း၊ စိုက်ပျိုးရန်လွယ်ကူသော်လည်း အပင်များ ရှင်သန်ကြီးထွားရန်အတွက် ပြုစုထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းသည် သက်ရှိသတ္တဝါ လူသားများအတွက် များစွာအထောက်အကူပြုပါကြောင်း၊ဒီရေတော စိုက်ခင်းများအတွက် ပျိုးပင်ပေါင်းဆယ်သိန်းကျော်အား ပျိုးထောင်ထားရှိပြီး  သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရန် ကမ်းခြေများနှင့် မြစ်ပေါက်ဝများတွင် တစ်အုပ်တစ်မစိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊  စီးပွားရေးကျွန်း၊ ပျဉ်းကတိုးစိုက်ခင်းများ၊ဒီရေတောများ၊ ထင်းစိုက်ခင်းများ၊တည်ထောင်ခြင်းဖြင့် ဧရာဝတီတိုင်းဒေသကြီး၏ သစ်တောဖုံးလွှမ်းမှု ဧရိယာများ ပိုမိုလာမည်ဖြစ်ပါကြောင်းနှင့် ဖြစ်ထွန်းအောင်မြင်အောင်ထိန်းသိမ်းသွားကြရန်လိုကြောင်း”ပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ် ဦးဆောင်၍ သစ်ပင်များအားစုပေါင်းစိုက်ပျိုးခဲ့ပြီး ဝန်ကြီးချုပ်နှင့်အတူ တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ပိတောက်၊ ခရေ၊ ပုန်းညက်၊ မန်ဂျန်ရှား အစရှိသည့် ပျိုးပင်ပေါင်း ၃၀၀၀ အား စိုက်ပျိုးခဲ့ကြောင်းသိရသည်။

26-Jun-2022