ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဟင်္သာတခရိုင်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက်  ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာ​ တောင်သူဦးဝင်းမြင့်ဦး၏ လယ်​မြေ(၁၂)ဧက တွင် ၂၀၂၂မိုးစပါးစိုက်ပျိုးရန်အတွက်သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)ထည့်သွင်းထွန်ယက်ခြင်းကိုကြည်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီမြေသြဇာများပြန်လည်ကောင်းမွန်လာမှာဖြစ်ပါကြောင်း၊  သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)တွင် နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်စီယမ်များပါဝင်ပြီးဖြစ်၍ လယ်မြေအတွင်း ထည့်သွင်းအသုံးပြုခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုများကိုလျော့ချနိုင်မည်ဖြစ်ကြောင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ စိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ တလိုင်းခုံကျေးရွာ တောင်သူဦးလှဝင်း၏ ယာမြေ(၁.၆၇)ဧကတွင် ၂၀၂၂-၂၀၂၃ မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်တုံးပိတ်စိုက်ပျိုးပွဲတက်ရောက်ခဲ့ပြီး နေကြာမျိုးစေ့ချစိုက်ပျိူနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနမှူးမှ အင်္ဂပူမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ မိုးရာသီ နေကြာမျိုးစေ့ထုတ်စိုက်ပျိုးဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဖြစ်ထွန်းအောင်မြင်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့အတူ မြန်အောင်မြို့နယ်၊ ကန်ဇွန်းခုံကျေးရွာ တောင်သူ ဦးဝေစိုး၏ယာမြေတွင်လည်းကောင်း၊ ကြံခင်းမြို့နယ်၊ ဆုံလဲကျေးရွာအုပ်စု တောင်သူစောမင်းထူး၏ ယာမြေတို့တွင်မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်တုံးပိတ်စိုက်ပျိုးပွဲကျင်းပခဲ့ရာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့၀င်များနှင့် နေကြာစိုက်တောင်သူများတက်ရောက်ခဲ့ကြ၍ ထွန်တုံးပိတ်စိုက်ပျိုးခဲ့ကြသည်။ တိုင်းဒေသကြီးအတွင်း ဟင်္သာတခရိုင်ရှိကြံခင်းမြို့နယ်၊မြန်​အောင်မြို့နယ်နှင့်အင်္ဂပူမြို့နယ်တို့တွင်​နေကြာမျိုး​စေ့ထုတ်ဧက၃၀၀၀ကို ဇွန်လ ၃ ရက်နေ့တွင်စတင်စိုက်ပျိုးခဲ့ရာ ယ​နေ့တွင်ဧကအားလုံး ထွန်တုံးပိတ်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

25-Jun-2022