ပုသိမ်မြို့ သူနာပြု-သားဖွားဒီပလိုမာသင်တန်းအပတ်စဉ် (၃၆) ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားနှင့် မြောင်းမြမြို့တွင် ပထမအကြိမ် ဂျုတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ သူနာပြု-သားဖွားဒီပလိုမာသင်တန်း အပတ်စဉ် (၃၆) ဂျုတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားအား ဇွန်လ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန်က တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းသား ၇ ဦးနှင့် သင်တန်းသူ ၇၆ ဦး၊ စုစုပေါင်း ၈၃ ဦးအား ဂျုတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းပေးခဲ့သည်။ဆက်လက်၍ သင်တန်းသား၊သင်တန်းသူများက ဆီမီးထွန်းညှိခြင်းနှင့် သူနာပြုသစ္စာအဓိဌာန် ၈ ချက်အား ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းသားသင်တန်းသူများအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ဂျုတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ကာတာဝန်ရှိသူများက သင်တန်းသား ၇ ဦးနှင့် သင်တန်းသူ ဦး၊၆၃ စုစုပေါင်း ၇၀ ဦးအား ဂျုတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းပေးခဲ့သည်။ ဆက်လက်၍ သင်တန်းသား၊သင်တန်းသူများက ဆီမီးထွန်းညှိခြင်းနှင့်သူနာပြုသစ္စာ အဓိဌာန် ၈ ချက်အား ရွတ်ဆိုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများနှင့်သင်တန်းသားသင်တန်းသူများအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါတယ်။  အဆိုပါ ဂျုတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျန်းမာရေးကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သင်တန်းကျောင်းများ ဖွင့်လှစ်၍  သူနာပြုနှင့်သားဖွားများ မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသားသင်တန်းသူများသည် ဝါသနာအရင်းခံပြီးကိုယ်ချင်းစာတရားထားကာ လူနာများကိုပြုစုစောင့်ရှောက်ကြရမှာဖြစ်ပါကြောင်း၊သင်တန်းသား၊ သင်တန်းသူများသည် အပ်နှင်းခြင်းခံရသည့် ဂျုတီကုတ်နှင့် ဦးဆောင်းတို့အားလေးစားတန်ဖိုးထားပြီးမိမိတို့၏ လုပ်ငန်းတာဝန်များ ကျေပွန်စွာထမ်းဆောင်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကျေးလက်ဒေသများအထိ ကျန်းမာရေးစောင့်ရှောက်မှုများလွှမ်းခြုံနိုင်စေရေး ကြိုးစားဆောင်ရွက်နေပါကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားရေးဆိုင်ရာများ၊ နေထိုင်စားသောက်ရေးကိစ္စများကိုလည်း သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပြီး ထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပြီး မိမိတာဝန်ကျရာဒေသများရှိပြည်သူများ၏ ကျန်းမာရေးကိစ္စရပ်များကို ကူညီစောင့်ရှောက်ပေးကြရန်ပြောကြားခဲ့ပါသည်။

20-Jun-2022