ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း၊ အကြိမ် (၂၀) မြောက် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း၊ ပထမနှစ်သင်တန်းသားသင်တန်းသူတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ဟင်္သာတမြို့၊ သူနာပြုသင်တန်းကျောင်း၊အကြိမ် (၂၀)မြောက်၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း၊ ပထမနှစ် သင်တန်းသား သင်တန်းသူတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲတက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သူနာပြု-သားဖွားများအနေဖြင့် တာဝန်အရမဟုတ်ဘဲ ကိုယ်ချင်းစာတရား၊ စာနာစိတ်အပြည့်ဖြင့် လူနာများအပေါ် ပြုစုစောင့်ရှောက်ကြသူများဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တစ်ခုဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ ကဏ္ဍသည် လွန်စွာအရေးပါပါကြောင်း၊ တိုင်းဒေသကြီး၏ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရေး သင်တန်းသူသင်တန်းသားများ၏ အင်အားများလိုပါကြောင်း၊  သင်တန်းသူသင်တန်းသားများအနေဖြင့်တိုင်းဒေသကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်အားဖြည့်ဆောင်ရွက်ကြပြီး နိုင်ငံတော်နှင့်တိုင်းဒေသကြီးအတွက် အားကိုးအားထားပြုနိုင်သည့် ကျန်းမာရေးဝန်ထမ်းများဖြစ်ကြပါစေကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဟင်္သာတမြို့၊ သူနာပြုသင်တန်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးမှ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းရခြင်းအကြောင်းအား ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းသားသင်တန်းသူများအားဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခဲ့ပါသည်။ ထို့နောက် သင်တန်းသားသင်တန်းသူ များ မှဆီမီးထွန်းညှိခြင်းနှင့်သူနာပြုသစ္စာဓိဌာန်ရွတ်ဆို ခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အပတ်စဉ်(၂၀)၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း၊ ပထမနှစ် သင်တန်းတွင် ဆုရရှိခဲ့ကြသည့် သင်တန်းသားသင်တန်းသူများအား ဆုများအသီးသီးချီးမြှင့်၍ သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြကာ သင်တန်းသားသင်တန်းသူများ၏ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်ဟင်္သာတမြို့၊ ညောင်ပင်ရပ်ကွက်ရှိ နိုင် မြေပဲဆီစက်ရုံသို့သို့သွားရောက်ခဲ့ပြီး စက်ရုံပိုင်ရှင်မှ စက်ရုံလည်ပတ်ကြိတ်ခွဲမှုအခြေအနေများ၊ ရောင်းဝယ်မှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သန့်စင်ကောင်းမွန်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် မြေပဲဆီများ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဆောင်းနေကြာများစိုက်ပျိုးထုတ်လုပ်ထွက်ရှိလာချိန်တွင် နေကြာဆီထုတ်လုပ်နိုင်ရေး လိုအပ်မည့် စက်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်မှုများ အချိန်မီဆောင်ရွက်ထားရှိရန်နှင့် အရည်အသွေးပြည့်မီသောနေကြာဆီများထုတ်လုပ်နိုင်ရေးညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

19-Jun-2022