ဟင်္သာတမြို့၊ မိုးကောင်းပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသမဟာထေရ်မြတ်ကြီး၏ သက်တော် (၈၇) နှစ်ပြည့် မွေးနေ့ဝိဇာတပူဇာနှင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဂုဏပူဇာမင်္ဂလာ ချီးကျူးဂုဏ်ပြုပူဇော်ပွဲကျင်းပ

ဟင်္သာတမြို့၊ မိုးကောင်းပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသမဟာထေရ်မြတ်ကြီး၏ သက်တော် (၈၇) နှစ်ပြည့် မွေးနေ့ဝိဇာတပူဇာနှင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဂုဏပူဇာမင်္ဂလာ ချီးကျူးဂုဏ်ပြုပူဇော်ပွဲကို ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ မိုးကောင်းပရိယတ္တိစာသင်တိုက်၊ အောင်ပြည့်ဖြိုးဦးသာသနာ့ဗိမာန်သိမ်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခ ချုပ်ဆရာတော်၊ တိုင်းဒေသကြီးသြဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ရဟန်းရှင်လူပရိတ်သတ်များ တက်​ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာအခမ်းအနားကို န​မောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်​တော့၍ ဖွင့်လှစ်ခဲ့ပြီး ဟင်္သာတမြို့၊ မေဃဝတီပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တသုမနာဘိဝံသအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဟင်္သာတမြို့၊ မိုးကောင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသမဟာထေရ်အရှင်သူမြတ် က သြဝါဒကထာချီးမြှင့်တော်မူပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့၍ (နိုဗယ်စကူးလ်) ဓမ္မဗိမာန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏာလင်္ကာရမှ မိုးကောင်းပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသမဟာထေရ်မြတ်၏  ထေရုပ္ပတ္တိကို ဖတ်ကြားပူဇော်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အကျော်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တရေဝတက ဂုဏဘိတ္ထဝ ဝန္ဒနာဂါထာနှင့် ထုတိထောမနာဂုဏပူဇာဂါထာတို့အားဖတ်ကြားပူဇော်ခဲ့ကာ တေးသံရှင်များက ရတုပိုဒ်စုံတို့ဖြင့်သီဆိုပူဇော်ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များ၊ အလှူရှင်များမှ မိုးကောင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသမဟာထေရ်မြတ်အား အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော် ထပ်ဆင့်ဆပ်ကပ်လှူဒါန်းခြင်း၊ ပင့်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခြင်းနှင့် အလှူငွေများအသီးသီးပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ထို့နောက် ဓမ္မဒူတဇေတဝန်တောရဆေကိန္ဒါရာမကျောင်းတိုက်၊ အဂ္ဂမဟာပဏ္ဍိတ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒမှ အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်းအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကာ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

19-Jun-2022