ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ရေပြင်ရှာဖွေကယ်ဆယ်ရေး သင်တန်းစွမ်းရည်သရုပ်ပြပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ပြုလုပ်သည့် ရေပြင်ရှာဖွေကယ်ဆယ်ရေးသင်တန်း စွမ်းရည်သရုပ်ပြပွဲ အခမ်းအနားအား ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ကန်သုံးဆင့် Royal Lake ရေပြင်တွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် သရုပ်ပြအဖွဲ့က ရေကူးစနစ်စွမ်းရည်ပြသခြင်း၊ စက်လှေနှစ်စီးတိုက်မှုဖြစ်စဉ်တွင် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ခြင်းနှင့် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခြင်း၊ စက်လှေမီးလောင်မှု ဖြစ်စဉ်တွင် Fire Boatဖြင့် မီးငြိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံ စက်လှေ INTELLIGENCE Lifebuoy တို့အား အသုံးပြုကာ စက်လှေပေါ်မှကြောက်လန့်ခုန်ချခဲ့သူများအား ကယ်ဆယ်ခြင်းနှင့်Fire Boat ၊ Assault Boat ၊ INTELLIGENCE Lifebuoy တို့ဖြင့်စီတန်း၍ အလေးပြုတန်းဖြုတ် ထွက်ခွာခြင်းများအား ဆောင်ရွက်ခဲ့သည်။ထို့နောက် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးက ဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးထံသို့ အထိမ်းအမှတ်ပစ္စည်းများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ မီးသတ်တပ်ဖွဲ့၏ တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် တာဝန်များဆောင်ရွက်လျက်ရှိရာတွင် အမျိုးသားများနည်းတူ အမျိုးသမီးတပ်ဖွဲ့ဝင်များကလည်း ကျရာအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်လာသည်ကိုတွေ့ရကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် လူအသင့်၊ ယာဉ်စက်အသင့်၊ ဆီအသင့်၊ ရေအသင့်စသည့် သင့်လေးသင့်အား အမြဲအသင့်ရှိနေရန် လိုအပ်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရက်နိုင်ရန်အတွက် သတင်းပို့စနစ်သည် လွန်စွာအရေးကြီးကြောင်း၊ သတင်းရရှိနိုင်ရန်အတွက် နည်းပညာအကူအညီဖြင့်ရယူဆောင်ရွက်ရသလိုပြည်သူလူထုထံမှ သတင်းရရှိရန်လိုပါကြောင်း၊မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်သရုပ်ပြသရာတွင် ပြည်သူလူထု သိရှိပူးပေါင်းပါဝင်လာစေရေး ဆောင်ရွက်ပေးရန်”ပြောကြားခဲ့ပြီးတာဝန်ရှိသူများနှင့်အတူ ခင်းကျင်းပြသထားသည့် ခေတ်မီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။