(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးမှ အားကစားသမားအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်  ဧရာဝတီတိုင်းဒေသကြီးလက်ရွေးစင် ဖြစ်ခဲ့ ကြ သည့်နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဂုဏ်ပြုပွဲအခမ်းအနားအား ယနေ့မွန်းလွဲ ၂ နာရီက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဖိတ်ကြားထားသူများ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကျင်းပ ပြုလုပ်သည့် အခမ်းအနားသည် (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးလက်ရွေးစင်ဖြစ်ခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ပါကြောင်း၊  (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်   ဧရာဝတီတိုင်းဒေသကြီးလက်ရွေးစင်ဖြစ်ခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား ၂၂ ဦးမှ ရွှေတံဆိပ် ၄ ခု၊ငွေတံဆိပ် ၃ ခုနှင့်ကြေးတံဆိပ် ၂၆ ခု စုစုပေါင်းဆုတံဆိပ် ၃၃ ခုရရှိခဲ့ပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်များရရှိနိုင်ရေးအတွက် မြို့နယ်၊ခရိုင်၊တိုင်းဒေသကြီးအဆင့်ဆင့် အားကစားပြိုင်ပွဲများတွင်ယှဉ်ပြိုင်ရွေးချယ်၍ စနစ်တကျ စခန်းသွင်းလေ့ကျင့်ကာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်ဦးချင်း၊ အဖွဲ့လိုက် ကြိုးစားယှဉ်ပြိုင် အနိုင်ရလာခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လက်ရွေးစင်အားကစားသမားဟောင်းများကိုလည်း ထိုက်သင့်တဲ့အားပေးထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို အားပေးချီးမြှင့်ခြင်းဖြင့် မျိုးဆက်သစ်လူငယ်အားကစားသမားများ အားကျအတုယူကြိုးစားနိုင်စေရေးဆောင်ရွက်ခြင်းဖြစ်ပါကြောင်းနှင့် မျိုးဆက်သစ်လူငယ်အားကစားသမားအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်၊ တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား အတုယူ၍ နိုင်ငံဂုဏ်ဆောင်အားကစားသမားများဖြစ်လာစေရေး ကြိုးစားဆောင်ရွက်ကြရန်”ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် အားကစားသမားများကို ဂုဏ်ပြုဆု‌ငွေနှင့်ဂုဏ်ပြုမှတ်တမ်းများအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ငွေတံဆိပ်၊ကြေးတံဆိပ် ဆုရရှိခဲ့သည့်အားကစားသမားများအား ဂုဏ်ပြုဆု‌ငွေနှင့် ဂုဏ်ပြုမှတ်တမ်းများအသီးသီးပေးအပ်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုယ်စား KURASH ပြိုင်ပွဲတွင်ရွှေတံဆိပ်ဆုရရှိခဲ့သည့် မအေးအေးအောင်က ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားသမားများ၏ ယှဉ်ပြိုင်ခဲ့မှုဗီဒီယိုမှတ်တမ်းအား ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော  အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်းသိရသည်။

16-Jun-2022