သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်)၌ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး ၊ သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်)၌
သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်း ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်  ၉ နာရီအချိန်က အဆိုပါ သင်တန်းကျောင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ပညာဆက်လက်သင်ယူရန်အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနိုင်ရန်နှင့် ထူးချွန်သူများကို သမဝါယမကောလိပ်များ၊ သမဝါယမစီမံခန့်ခွဲမှု ပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာတက်လက်သင်ကြားနိုင်သည့်အခွင့်အလမ်းများဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ယခုသင်တန်းအားဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ယခုဖွင့်လှစ်သည့် သင်တန်းအား တက်ရောက်နိုင်ရန်အတွက် အနိမ့်ဆုံးပညာအရည်အချင်းသည် အဌမတန်းအောင်အဆင့် သတ်မှတ်ထားသောကြောင့် ပညာတစ်ပိုင်းတစဖြင့် ရပ်နားထားရသူများအတွက် အမှန်တကယ်အကျိုးပြုသော သင်တန်းဖြစ်ပါကြောင်း၊ စားသောက်ရေးစရိတ်၊ နေထိုင်ရေးစရိတ်၊ စာရေးကိရိယာစရိတ်၊ သင်တန်းဝင်ခွင့်စရိတ်များအား အခမဲ့ဆောင်ရွက်ပေးထားပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် မိမိတိုင်းဒေသကြီးအတွက်သာမက  နိုင်ငံတော်အတွက်ပါ များစွာအကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း” ပြောကြားသည်။

ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သင်တန်းဖွင့်လှစ်မှုအခြေအနေများ၊သမဝါယမ‌ကောလိပ်များ၌ ဆက်လက် ပညာသင်ယူနိုင်မည့်အခြေအနေများနှင့် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း ထောက်ပံ့ပေးအပ်မှုအခြေအနေများအား ဆက်လက်ပြောကြားပြီး သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းကျောင်းဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရေးကရိယာများအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာချုပ် တိုင်းမှူး၊သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ချီးမြှင့်ထောက်ပံ့ငွေ၊သင်တန်းသားတတ်စုံ၊ အားကစားပစ္စည်းများနှင့် ဖျာ၊ခြင်ထောင်များအား တာဝန်ရှိသူများနှင့် သင်တန်းသား၊သင်တန်းသူများထံသို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

16-Jun-2022