ပြည်နယ်နှင့်တိုင်းဒေသကြီးသေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးသေနတ်ပစ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်

ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်င်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု သေနတ်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ဇွန်လ ၁၅ ရက် နံနက် ၉နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီးသေနတ်ပစ် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ်သူ ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး သေနတ်ပစ် အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ပြည်နယ်နှင့်တိုင်းဒေသကြီး သေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု သေနတ်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ခြင်းနှင့် လိုအပ်သည့်ထောက်ပံ့မှုများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊သေနတ်ပစ် အားကစားနည်းသည် နိုင်ငံတစ်နိုင်ငံတွင် အားထားရသည့် အားကစားနည်းတစ်ခု ဖြစ်ပါကြောင်း၊ သေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား များအနေဖြင့် လေ့ကျင့်သားပြည့်ဝစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ နည်းပြများအနေဖြင့် မိမိအသင်း၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ကာ ပြိုင်ပွဲတွင် အနိုင်ရရှိရေး စွမ်းဆောင်ရန်လိုကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ဖြစ်စေရန်”ပြောကြားပြီး တိုင်းဒေသကြီးကိုယ်စားပြု သေနတ်ပစ်အသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုဆုငွေများအား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

15-Jun-2022