တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဒေးဒရဲမြို့နယ်၊ ရေတွင်းကုန်း - သံဒိတ်ကျေးရွာ SOLAR MINI GRID မီးလင်းရေးဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇွန်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ဒေးဒရဲမြို့နယ်၊ ရေတွင်းကုန်း-သံဒိတ်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP-Mini Grid)မှ (၆၀) ရာခိုင်နှုန်း၊  ဒေသခံပြည်သူထည့်ဝင်ငွေ (၂၀) ရာခိုင်နှုန်း၊ ရင်းနှီးမြုပ်နှံသည့်ကုမ္ပဏီမှ (၂၀)ရာခိုင်နှုန်းဖြင့်ဆောင်ရွက်သည့် SOLAR MINI GRID မီးလင်းရေးဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်းမြို့ပြနှင့်ကျေးလက်အကြားကွာဟမှုမရှိစေရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊  လျှပ်စစ်မီးရရှိရေးဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရေးသည်လွန်စွာအရေးကြီးပါကြောင်း၊ လျှပ်စစ်မီးရရှိပြီဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်းနှင့် ရရှိသည့်လျှပ်စစ်မီးကိုလည်းစနစ်တကျသုံးစွဲကြရန်ပြောကြားခဲ့ပါတယ်။ ထို့နောက် ကျေးရွာပြည်သူများကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်စ ကားပြန်လည် ပြော ကြားခဲ့ပြီး တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးမှမီးလင်းရေးဖွင့်ပွဲ အထိမ်းအမှတ် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ထို့နောက် Solar Mini Grid မီးလင်းရေးဖွင့်ပွဲအခမ်အနားအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကာ Solar Mini Grid လုပ်ငန်း ကမ္ဗည်းမော်ကွန်းကြေးပြားအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံသာရည်များပက်ဖြန်းပေးခဲ့ကာ  မီးလင်းရေး ဆောင်ရွက်ထားရှိမှုများနှင့် ကျေးရွာအတွင်းဆိုလာလျှပ်စစ်မီးသုံးစွဲမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ သံဒိတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ရေတွင်းကုန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းများသို့သွားရောက်၍ ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာပညာသင်ကြားနေမှုများအားကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ဆရာမများအတွက်  ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။

14-Jun-2022