History


ဒေသသမိုင်း

        ဧရာဝတီတိုင်းဒေသကြီးသည် မူလက ရာမညတိုင်း တွင် အပါအ၀င် ဖြစ်သော မွန်ဒေသ၏ အဝန်းအဝိုင်း တစ်ခု ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးဟု ခေါ်တွင်သော ဒေသ သည် ရှေးအခါက    မွန်သုံးရပ် ဖြစ်သော မွန်တိ၊ မွန်စ၊ မွန်ည တို့တွင် မွန်တိကို  ဒဂုံ၊  ဒလ၊   မွန်စကို သထုံ၊ မဒမ(မုတ္တမ)၊ မွန်ညကို ပုသိမ်၊ မြောင်းမြဟု ပိုင်းခြားထားခဲ့ရာ  ‘မွန်ည’ ဒေသတွင်ပါ၀င်ခဲ့ကြောင်း မှတ်သားရ ပေသည်။ အလောင်းမင်းတရားကြီး၏ တတိယ မြန်မာနိုင်ငံတော် တွင် (ယခု ဧရာ၀တီ တိုင်းဒေသကြီးသည်) ရာမညတိုင်းတွင် ပါ၀င် ခဲ့သည့် ဗြိတိသျှကိုလိုနီခေတ်တွင် ‘ပဲခူးတိုင်း’ဟု သတ်မှတ် ဖွဲ့စည်း သောအခါ ဟံသာဝတီခရိုင်၊ ဟင်္သာတခရိုင်နှင့်ပုသိမ်ခရိုင် ဟူ၍ ခရိုင်သုံးခု ပါရှိခဲ့ရာတွင် ဟင်္သာတခရိုင်နှင့် ပုသိမ်ခရိုင်တို့သည် ယနေ့ ဧရာ၀တီတိုင်းဒေသကြီး၏ နယ်စပ်တွင် ပါဝင်နေပေသည်။
    ဧရာ၀တီတိုင်းဒေသကြီးသည် ခေတ်တည်သမိုင်း၀င် မြန်မာရှင်ဘုရင် နန်းစိုက်ခြင်း မရှိခဲ့သော ဒေသဖြစ်သည်။ သို့သော်လည်း ထူးခြားသော သမိုင်းဆိုင်ရာ ဝိသေသများ ကြွယ်ဝ လျက် ရှိပါသည်။ ရှေးအခါက မြန်မာနိုင်ငံအောက်ပိုင်းကို ‘ရာမည’ ဟူသော အမည်ဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ မည်သည့်ခေတ်၊ မည်သည့် မင်းလက်ထက်၌ စတင်ခေါ်ဝေါ်ခဲ့ကြသည်ကို တိကျခိုင်မာစွာ ဖော်ပြ၍ မလွယ်ကူချေ။ ရာမညဟူသော အမည်ကို အလွန် ရှေးကျ သည့် သီဟိုဠ်ရာဇဝင် (မဟာဝံသကျမ်း၊အခန်း-၇၆)တွင် ပထမဆုံး တွေ့ရသည်။ ကုန်းဘောင်မင်းဆက်ကို တည်ထောင်သော အလောင်းမင်းတရားကြီးသည် ရာမညတိုင်းသား မွန်များကို စည်းရုံး သိမ်းသွင်း၍ တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင် ခဲ့သည်။ ၁၈၂၄ခု၊ ပထမ   အင်္ဂလိပ် - မြန်မာစစ်  ၊ ၁၈၅၂ ခု  ဒုတိယ  အင်္ဂလိပ် - မြန်မာ စစ်များတွင် မြန်မာတို့ ရှုံးနိမ့်၍ အောက်မြန်မာ နိုင်ငံနှင့် မြန်မာမင်းပိုင် အထက်မြန်မာနိုင်ငံ ဟူ၍ နှစ်ပိုင်းကွဲခဲ့ ရလေသည်။
    ၁၈၂၄ခုနှစ်၊ သြဂုတ်လ(၁၃)ရက်နေ့စွဲဖြင့် ထုတ်ပြန် သည့် ပြန်တမ်းများအရ ဧရာဝတီတိုင်းသည် ပဲခူးတိုင်းအတွင်း ပါဝင် ဖွဲ့စည်းထားသောဒေသ ဖြစ်သည်။ ပဲခူးခရိုင်တွင် ဟံသာ ဝတီခရိုင်၊ ဟင်္သာတခရိုင်၊ ပုသိမ်ခရိုင် ဟူ၍(၃) ခရိုင်ဖြင့် ဖွဲ့စည်း ထားသည်။
    ၁၈၈၁ခုနှစ်တွင် ပဲခူးတိုင်းအတွင်းမှ ဧရာဝတီခရိုင်ကို ခွဲထုတ် ဖွဲ့စည်းခဲ့သည်။ ထိုခေတ်က ဒီဝီဇံ(Division ခရိုင်)ဟု မြန်မာပြန် ဆိုသည်။ ထို့ကြောင့် ဧရာဝတီခရိုင် (Irrawaddy Division)သည် ၁၈၈၁ ခုနှစ်မှ စတင်ပေါ်ပေါက်လာခဲ့သည် ဖြစ်ကြောင်း သိသာထင်ရှားသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဧရာဝတီတိုင်း ဒေသခရိုင်တွင် ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ ပါ၀င်  ဖွဲ့စည်းထားသည်။   ထို့နောက်   နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့မှ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်များကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါ ဧရာဝတီတိုင်းဒေသကြီး၏ တိုးတက်ဖြစ်ထွန်းလာသော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ရာ လက်ရှိဧရာဝတီတိုင်းဒေသကြီးတွင် ခရိုင် (၆)ခရိုင်၊ မြို့နယ် (၂၆)မြို့နယ်၊ မြို့ (၄၀)မြို့၊ ရပ်ကွက် (၂၇၉)ရပ်ကွက်၊ ကျေးရွာအုပ်စု၊ (၁၉၂၁)အုပ်စုနှင့် ကျေးရွာ (၁၁၉၂၀)ရွာ ပါဝင်ပါသည်။