သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ငပုတောမြို့နယ်တရားရုံးအဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တရားရုံး (၁၂၈ ​ပေ× ၃၈ ​ပေ) RCC ၃ ထပ် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ငပု​တောမြို့၊ မဂ္ဂင်လမ်းရှိ အဆိုပါအဆောက်အဦသစ်ရှေ့တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊  တိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ငပုတောမြို့နယ်တရားရုံးအဆောက်အဦသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊  တိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်တရားရုံးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ  ဧည့်သည်တော်များနှင့်အတူ  ဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ပြုလုပ်ရာ အဆောက်အဦအား တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက ရုံးအဆောက်အဦသစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် ရုံးအဆောက်အဦသစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို တိုင်းဒေသကြီးတရားရေးဦးစီးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးတရားလွှတ်‌တော်တရားသူကြီးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ ငပုတောမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ်အမှတ်တရလက်ဆောင်ပစ္စည်းအား ပေးအပ်ပြီးနောက် အဆောက်အဦအား တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးတရားလွှတ်‌တော်တရားသူကြီးချုပ်ထံသို့ အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ်အမှတ်တရလက်ဆောင်ပစ္စည်းအား ဆက်လက်ပေးအပ်ခဲ့ပြီး ငပုတောမြို့နယ်တရားသူကြီးက ကျေးဇူးတင်စကားများပြောကြားခဲ့သည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  တရားရုံး​အ​ဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့ပါသည်။


Read More...
26-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာနှင့် အုန်း​​ချောင်း​ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ​ဆရာ၊ ဆရာမများ၊ ​ကျောင်းသားမိဘများ၊ ကျောင်းသား၊ ​ကျောင်းသူများနှင့်​တွေ့ဆုံ၊ ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ School Cum Shelter ကြည့်ရှုစစ်​ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယ​​နေ့မွန်းလွဲပိုင်းက ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ​ဆရာ၊ ဆရာမများ၊ ​ကျောင်းသားမိဘများ၊ ကျောင်းသား၊ ​ကျောင်းသူများနှင့်​တွေ့ဆုံခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှုများ ပျက်ကွက်မှုမရှိစေရေး  တွန်းအား​ပေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ အုပ်ချုပ်​ရေးအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်း​ဒေသကြီးတွင် အ​ခြေခံစာတတ်​မြောက်​ရေးလုပ်ငန်းအဖြစ် မူလတန်းပညာဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသူများနှင့် မူလတန်းပညာ မသင်ကြားခဲ့ရသူများကို  ရက်ပေါင်း (၄၀)ကြာ တစ်နေ့လျှင် ပျမ်းမျှ (၃)နာရီနှုန်းဖြင့် နာရီပေါင်း (၁၂၀)ကြာ သင်ကြားပို့ချပေးနိုင်ခဲ့ပါကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေးနှင့် စာဖတ်ရှိန်မြှင့်တင်​ရေးအတွက် ​ကျောင်းစာကြည့်တိုက်များ ရှင်သန်ခိုင်မာ​စေ​ရေး ​ဆောင်ရွက်ရမည်ဖြစ်​ကြောင်း၊ မိုးဦးကာလကိုရောက်ရှိလာပြီဖြစ်၍ ကျောင်းအဆောက်အဦများ ခိုင်ခံ့မှုရှိစေရေး ကြိုတင်ဆောင်ရွက်ရမည်ဖြစ်​ကြောင်း၊ ပင်လယ်ကမ်း​ခြေ​ဒေသဖြစ်သဖြင့် မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက ဆိုင်ကလုန်းရှယ်တာများ၊ ကုန်းမြင့်များသို့ ကြိုတင်ရွှေ့ပြောင်း​နေထိုင်ကြရန်လိုပါကြောင်း၊ မိုး​လေဝသသတင်းများ၊ မုန်တိုင်းသတိ​ပေးချက်များကိုလည်း အစဥ်အမြဲ​လေ့လာ​နေကြရန်လို​ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ကျောင်း၏ လိုအပ်ချက်အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်း” အမှာစကားများပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ကြီးက ကျောင်း၏လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ရာတိုင်းဒေသကြီးပညာရေးမှူးက ကျောင်းအဆောက်အဦ၊ ပရိဘောဂ၊ ဆရာ၊ ဆရာမများ ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ​ဘောပင်၊ ခဲတံများနှင့်  ကျောင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပါသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ခဲ့ပြီး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်ချက်တင်ပြမှုများအ​ပေါ်ပေါင်းစပ် ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့ကာ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ​ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အမျိုးသား သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီ၏ ခွင့်ပြုရန်ပုံ​ငွေ (၂၆၂.၇၁)ကျပ်သန်းဖြင့်​​ဆောင်ရွက်သည့် (၁၃၀'×၃၀') RCC နှစ်ထပ် School Cum Shelter တည်​ဆောက်ပြီးစီးမှု၊ သဘာဝဘေးအန္တရာယ်ဖြစ်​ပေါ်လာပါက ပြည်သူများ လာ​ရောက်ခိုလှုံ​နေထိုင်နိုင်​ရေး ပြင်ဆင်ထားရှိမှု၊ သောက်သုံး​ရေရရှိ​အောင် ​ဆောင်ရွက်ထားရှိမှု၊ ရှာ​ဖွေကယ်ဆယ်​ရေးအဖွဲ့များ စုဖွဲ့ထားရှိမှုနှင့် ရှာ​ဖွေကယ်ဆယ်​ရေးပစ္စည်းများအား ကြည့်ရှုစစ်​ဆေးခဲ့ပြီး တိုင်း​ဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့ပါသည်။


Read More...
25-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ မြို့နယ်တပ်ဖွဲ့မှူး၊ ဒုတိယမြို့နယ်တပ်ဖွဲ့မှူးများ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ မြို့နယ်တပ်ဖွဲ့မှူး၊ ဒုတိယမြို့နယ်တပ်ဖွဲ့မှူးများ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း၊ တုန့်ပြန်ရေးလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်နေသည်ကိုတွေ့ရပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအနေဖြင့် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုန့်ပြန်ရေးလုပ်ငန်းများတွင် ထိရောက်မြန်ဆန်စေရန်နှင့် စနစ်တကျတုန့်ပြန်နိုင်ရန်  သတင်းအချက်အလက်များကိုအချိန်နှင့်တစ်ပြေးညီရရှိရန်   မြို့နယ်အသင်းခွဲများနှင့် အချိန်နဲ့တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်လျှက်ရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးခြင်းကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ ဘေးရောဂါအမျိုးမျိုးတို့နဲ့ ရင်ဆိုင်ကြုံတွေ့လျှက်ရှိပါကြောင်း၊ ယနေ့ကာလတွင် လူမှုကရုဏာဆိုင်ရာ လိုအပ်ချက်များ ပိုမိုလိုအပ်လာသည်နှင့် အမျှကြက်ခြေနီများအနေဖြင့် ရှေးဦးပြုစုခြင်း၊  ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်ခြင်း၊ ဘေးအန္တရာယ်တုန့်ပြန်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ကြက်ခြေနီလှုပ်ရှားမှုများ ရေရှည်ပိုမိုစွမ်းဆောင်ရည်ပြည့်ဝရန်အတွက် လူငယ်လူရွယ်များကို လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊  မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရည်မှန်းချက်များနှင့် စွမ်းဆောင်ရည်များအောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်း၍ ပိုမိုတိုးတက်ကောင်းမွန်သည့် နည်းလမ်းများဖြင့် အသင်း၏ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်​ကြောင်း၊  ပြည်သူလူထုအခြေပြုအဖွဲ့အဖြစ် လူမှုကရုဏာလုပ်ငန်းများအား နေရာဒေသမရွေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း” အမှာစကားများ ပြောကြားပြီး ‌ဂုဏ်ပြုထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ‌ဥက္ကဋ္ဌက ကြက်ခြေနီလုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကြက်ခြေနီလှုပ်ရှားမှုဗီဒီယိုပြသမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။


Read More...
25-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားတက်ရောက်
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားကို ပုသိမ်မြို့အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယခုလ၂၃ ရက်နေ့မှ ဇွန်လ၂ရက်နေ့အထိ သတ်မှတ်ထားပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ် ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပြီး ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာ တိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးအတွက် မိဘ၊ ဆရာ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် အကြောင်းကြောင်းကြောင့် အတန်းစဉ်ကူးပြောင်းမှုများ မကျန်ရှိစေရေးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ​ကျောင်း​နေအရွယ်က​လေးအားလုံး ပညာသင်ယူရာတွင်အခက်အခဲမရှိ​စေ​ရေးနှင့် ကျောင်း​နေနိုင်​ရေးအတွက် နိုင်ငံ​တော်က အခမဲ့ပညာသင်ကြား​ရေးစနစ်ဖြင့် ပံ့ပိုးဖြည့်ဆည်း​ပေး​လျက်ရှိပါ​ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ အနာဂတ်အိမ်မက်များကို အကောင်အထည်ဖော်ခွင့် ရရှိသည့်အတွက်  မိဘများနှင့် သင်ကြားပေးကြသည့် ဆရာ၊ ဆရာမများအနေဖြင့်လည်း ဝမ်းသာပီတိဖြစ်ရမည်ဖြစ်ကြောင်း၊ ​ကျောင်း​နေအရွယ်က​လေးအားလုံး​ကျောင်းတက်​ရောက်​စေ​ရေး၊ အသိပညာ အတတ်ပညာနှင့်ပြည့်စုံ​သော ဗလငါးတန်နှင့်ပြည့်စုံ​သော လူငယ် လူရွယ်များ ဖြစ်​စေ​ရေး ပြုစုပျိုး​ထောင်​ပေးရမည်ဖြစ်​ကြောင်း ”အမှာစကားများပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များကိုလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်များကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီးက မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် ခဲတံများ၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ခဲတံနှင့် ဘော့ပင်များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ပုသိမ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ ဇာတိမာန်” သီချင်းဖြင့် သီဆိုဂုဏ်ပြုနှုတ်ဆက်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၏ ခရိုင်(၈)ခရိုင်မှ ကျောင်းအပ်နှံရေးလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


Read More...
25-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၃/၂၀၂၄)တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင်  တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာ အရည်အသွေး မြှင့်အထောက်အကူပြုဆွေးနွေးပွဲ (၃/၂၀၂၄)ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်ပညာရေးဒီဂရီ ကောလိပ်မှ ဆရာ၊ ဆရာမများနှင့်တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားအား တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများက ပုသိမ် ပညာရေးဒီဂရီကောလိပ်သီချင်းဖြင့် စုပေါင်းသီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ ပညာရေးဒီဂရီကောလိပ်များတွင် တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာများ၏အရည်အသွေးများ မြင့်မားတိုးတက်လာစေရန်အတွက် ယခုကဲ့သို့ ဆွေးနွေးများ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကျေးလက်နေလူဦးရေ (၈၅)ရာခိုင်နှုန်းကျော်ရှိပြီး  တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကလေးငယ်များအား ကျောင်းနေပျော်၍ စာတော် အောင်သင်ကြား ပေးကြရမည်ဖြစ်ပြီး အနာဂတ်နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာအောင် ပြုစုပျိုးထောင် ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကလေးငယ်များ၏ စံနမူနာပြ လက်ဦးဆရာများဖြစ်ပြီး စေတနာ၊ ဝါသနာ၊ အနစ်နာအရင်းခံ၍ မိမိတို့၏ တပည့်များကို သင်ကြား ပေးနေသူ များဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ခေတ်နှင့်အညီပြောင်းလဲလာသော ပညာရေးစနစ်ကို အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည် အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲသည် များစွာအကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်ပြီး ရရှိသည့် အချိန်တွင် ကြိုးစားဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး စာသင်ကျောင်းသို့ရောက်ရှိရေး၊ ပညာသင်နှစ်ပြီးဆုံးသည်အထိ ပညာသင်ကြားရေးအတွက် ဆရာ၊ ဆရာမအားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားပြီး သင်တန်းအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ထို့နောက် ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက  ဆွေးနွေးပွဲတက်ရောက် နေသော တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများစာရင်းနှင့် ဆွေးနွေးပေးမည့် ဘာသာရပ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့သည်။ ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်းသားဘာသာစာပေသင် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ(၃/၂၀၂၄)အား ယခုလ(၂၀)ရက်နေ့မှ (၃၁)ရက်နေ့ထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များမှ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမ (၄၂၀)ဦး တက်ရောက်လျက်ရှိသည်။


Read More...
24-May-2024