သတင်းများ


ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးလက်ရွေးစင်အားကစားသမားများအား အောင်နိုင်ရေး အလံပေးအပ်
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ သူများ၊ အသင်းအုပ်ချုပ် နည်းပြများနှင့်  ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်မည့်  အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစား သမားများက တစ်ဦးချင်းမိတ်ဆက်ပြီး အသင်းအုပ်ချုပ်သူမှ  ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ကာယဗလ နှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင် မည့်အားကစားသမားများအနေဖြင့် ပြိုင်ပွဲဝင် အတွေ့အကြုံရှိသည့်သူများလည်းပါဝင်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ယခင်နှစ်ပြိုင်ပွဲများတွင် ဆုတံဆိပ်အသီးသီးရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အတွေ့အကြုံရှိ အားကစားသမားများအား စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်ခဲ့ခြင်းကြောင့် အောင်မြင်မှုရရှိမည်ဟုယုံကြည်ပါကြောင်း၊ ကျန်းမာရေးကို ထိခိုက်စေမည့်အနေအထိုင်၊ အစားအသောက်များကို ဂရုစိုက်ရှောင်ကြဉ်ရန် လည်းလိုပါကြောင်း၊ ပြိုင်ပွဲဝင်ရောက်ရမည့်နေရာများကိုလည်း သတ်မှတ်အချိန်မီအောင်ရောက်ရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများကိုသွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ၊ နည်းပြများနှင့် အသင်းအုပ်ချုပ်သူများအနေဖြင့် မိမိတို့အသင်း အောင်မြင်မှုများရရှိအောင် ဆထက်ထမ်းပိုးကြိုးစားဆောင်ရွက်သွားကြရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင်၍ ရွှေတံဆိပ်ဆုများ ရရှိအောင် စွမ်းဆောင်နိုင်ကြပါစေကြောင်း” အမှာစကားပြောကြားပြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ နေ့လည်ပိုင်းတွင်ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားများ၏ သရုပ်ပြပွဲအခမ်းအနားအား ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လက်ရွေးစင်သရုပ်ပြအားကစားသမားများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား ပြိုင်ပွဲဝင်အားကစား သမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် အသက်(၂၁)နှစ်အောက် ပြိုင်ပွဲဝင်၊ (၆၀)ကီလိုတန်းပြိုင်ပွဲဝင်၊ (၆၅)ကီလိုတန်းပြိုင်ပွဲဝင်၊ (၇၀)ကီလိုတန်းပြိုင်ပွဲဝင်၊ (၇၅)ကီလိုတန်း ပြိုင်ပွဲဝင်များနှင့် (၇၅)ကီလိုတန်းအထက်ပြိုင်ပွဲဝင်အားကစားသမားများက စိတ်ကြိုက် ကိုယ်ဟန်သရုပ်ပြသခြင်းများပြသပြီးနောက် ကာယဗလပြိုင်ပွဲဝင်များကသတ်မှတ် ကိုယ်ဟန်(၇)မျိုးအား ဆက်လက်စုပေါင်းသရုပ်ပြသကြသည်။ ယင်းနောက် တစ်ဦးချင်းသရုပ်ပြသမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရှိရသည်။


Read More...
20-Jul-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကျိုက်လတ်မြို့နယ်အတွင်းရှိ မျိုးမြတ်မွန် ဆန်စက်နှင့်စပါးခွံလောင်စာတောင့်စက်ရုံအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့ညနေပိုင်းက ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ မျိုးမြတ်မွန်ဆန်စက်နှင့် စပါးခွံလောင်စာတောင့်စက်ရုံအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျိုက်လတ်မြို့၊ မျိုးမြတ်မွန် ဆန်စက်နှင့် စပါးခွံလောင်စာတောင့်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက စပါးခွံလောင်စာသုံး Gasifier ဖြင့် စက်ရုံလည်ပတ်မှုအခြေအနေများ၊ စပါးခွံလောင်စာတောင့် ထုတ်လုပ်မှု၊ စျေးကွက်သို့တင်ပို့ရောင်းချမှုအခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်း ဒေသကြီးဝန်ကြီးချုပ်က Gasifier စနစ်မှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများသည် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်းမှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းအညီ လည်ပတ်မောင်းနှင်ရန်၊ တိုင်းဒေသကြီးအတွင်းရှိ စပါးခွံလောင်စာသုံး Gasifier စက်ရုံများမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပြုပြင် ဆောင်ရွက်ရန် အကြံပြုချက်များအပေါ်  လိုက်နာဆောင်ရွက်မှုရှိမရှိ ကြပ်မတ်ဆောင်ရွက်ရန်၊ လုပ်ငန်းတိုးတက်မှုများအား ပြန်လည်တင်ပြရန်နှင့် လေထုညစ်ညမ်းမှုမရှိစေရေးနှင့် စွန့်ပစ် ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်ခဲ့ပြီး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်နှင့်တာဝန်ရှိသူများက  စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံးပြုပြီး  လျှပ်စစ်ဓါတ်အား ၁၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်နေမှု၊ စပါးခွံလောင်စာသုံး boiler ဖြင့် Turbine စနစ် အသုံးပြုပြီး  လျှပ်စစ်ဓါတ်အား (၁၅)မဂ္ဂါဝပ် (၂)လုံး (၃၀)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်နေမှု၊ စုစုပေါင်း ဓါတ်အား ၄၂ မဂ္ဂါဝပ်ထွက်ရှိလာပါက  လုပ်ငန်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဇီဝလောင်စာသုံး Boiler နှင့် Turbine စနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဇီဝလောင်စာသုံး gasifier နှင့် gas engine စနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် စက်ပစ္စည်းများ ရောက်ရှိလာမှု၊ စပါးခွံများ စနစ်တကျသိုလှောင်နိုင်ရန် သိုလှောင်ရုံများတည်ဆောက်နေမှုများ၊ အအေးခန်း စက်ရုံနှင့် သိုလှောင်ရုံများ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ အအေးပေးသည့်စနစ်အတွက် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးနေမှုများ၊ ငါးအသားလွှာ ပြုပြင်ထုတ်လုပ်ခြင်းနှင့်အေးခဲစက်ရုံတွင် automated cold storage warehouse စနစ်တည်ဆောက်ရန် အပူချိန်ထိန်း နံရံပြားများနှင့် အအေးပေးစက်များတပ်ဆင်နေမှု၊ ငါးများကိုအသားလွှာ၍ အေးခဲခြင်းပြုလုပ်ရာတွင် အသုံးပြုမည့် စက်ပစ္စည်းအချို့ကို စမ်းသပ်ရန်လုပ်ဆောင်နေမှုများအား လိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက် ကုမ္ပဏီ အစည်းအဝေးခန်းမတွင် Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက် ဥက္ကဌ ဦးဌေးမြင့်နှင့် တာဝန်ရှိသူများက Gasifierများ တပ်ဆင်နေမှုနှင့် Gasifier အဆောက်အဦ တည်ဆောက်နေမှုအားလည်းကောင်း၊ ငါးသားဖောက်ခြင်း၊ ငါးမွေးမြူခြင်း၊ ငါးအစာထုတ်လုပ်ခြင်း၊ အေးခဲခြင်း၊ ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ Biomass လောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းများနှင့် ဆက်စပ်သော လုပ်ငန်းများ၊ စပါးခွံလောင်စာသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံများမှ ထွက်ရှိမည့် စွန့်ပစ်ပစ္စည်း များမှ ဇီဝမြေသြဇာထုတ်လုပ်မည့် အခြေအနေများအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာတွင်  မိရိုးဖလာမွေးမြူရေး နည်းလမ်းများထက်  စနစ်ကျနပြီးကောင်းမွန်သည့် ခေတ်မီမွေးမြူ ရေးနည်းလမ်းများကို အောင်မြင်အောင်ဆောင်ရွက်ရန်လိုပါကြောင်း မှာကြားခဲ့ပါသည်။


Read More...
19-Jul-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြခရိုင်အတွင်းရှိတောင်သူများနှင့် တွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာရှိတောင်သူဦးဝင်းဗိုလ် ၏ လယ်မြေ(၁)ဧကတွင်  သဘာဝမြေဩဇာ စမ်းသပ်ထည့်သွင်းသုံးစွဲထားသည့် နယူးဧရာ(၁)မျိုးစပါး ဘောင်စနစ်ဖြင့်ပျိုးထောင်းထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝမြေဩဇာအသုံးပြု၍ မျိုးစေ့ရေစိမ်ခြင်း၊ စိုက်ပျိုးခြင်းနှင့် မြေဩဇာ ဖြန်းပတ်ခြင်း အခြေအနေများရှင်းလင်းတင်ပြမှုအပေါ်  စတင်စိုက်ပျိုးချိန်မှစ၍ စနစ်တကျမှတ်တမ်းများ ထားရှိဆောင်ရွက်ရန်၊ သဘာဝမြေဩဇာအသုံးပြုခြင်းဖြင့်ရရှိလာသည့် အကျိုးရလဒ်များအား မှတ်တမ်းထားရှိရန်မှာကြားခဲ့သည်။ ယင်းနောက် ကျွန်းကုန်းကျေးရွာချမ်းမြေ့ဆန်စက်တွင် တောင်သူများနှင့်တွေ့ဆုံ၍ “တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး အတွက်  မျိုးကောင်းမျိုးသန့်စပါးများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာပိုက်ဆံလျော်ထည့်သွင်း စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့်နှစ်မိုးစပါး စိုက်ရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်တိုင်းလုံးကျွတ် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်းစိုက်ပျိုး သွားမည်ဖြစ်ပါကြောင်းနှင့်တောင်သူများအနေဖြင့်လည်း အထွက်နှုန်းများတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း” ပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ရှုခင်းသာကျေးရွာရှိ “မိသားစု”ဥစားကြက်မွေးမြူရေးကြက်ခြံသို့ သွားရောက်၍ ကြက်ချေး၊ ဝက်ချေးများဖြင့် သဘာဝမြေဩဇာထုတ်လုပ်မည့် ရုရှားဖတ်ဒရေးရှင်းနိုင်ငံ၊ ရောစ့်ကွန်ဂရက်၊ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံကိုယ်စားလှယ်နှင့် LLC Souznedra ၏ဥက္ကဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ပြီး Mobile သဘာဝမြေဩဇာစက်ရုံတည်ဆောက် ရေးအတွက် ကွင်းဆင်းလေ့လာမှုအခြေအနေများ၊ ကုန်ကြမ်းရရှိမှုအခြေအနေများနှင့် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေးအခြေအနေများရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ မြေဆီလွှာကောင်းမွန်စေရေးဆောင်ရွက်နေမှု၊ ဧရာဝတီ ပေါ်ဆန်းအရည်အသွေးကောင်းမွန်စေရေးဆောင်ရွက်မှုနှင့် ဓါတ်မြေဩဇာသုံးစွဲမှု လျှော့ချနိုင်ရေး နှင့် သဘာဝမြေဩဇာများပိုမိုထုတ်လုပ်သုံးစွဲနိုင်ရေးဖြည့်စွက် ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စိုက်ပျိုးရေးဒေသသုတေသန ဗဟိုဌာန (မြောင်းမြ) တာဝန်ခံနှင့် ဝန်ထမ်းများအားတွေ့ဆုံခဲ့ရာ ရှေးဦးစွာတာဝန်ခံက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် အတွင်းဆောင်ရွက်ခဲ့သည့် သုတေသန၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မည့် သုတေသန၊ ဖွံ့ဖြိုးရေး လုပ်ငန်းများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“သုတေသနပြုလုပ်ငန်း များအားဆက်လက်ဆောင်ရွက်သွားရန် ဧရာဝတီပေါ်ဆန်းမူလအရည်အသွေးပြန်လည်ရရှိစေရေး သုတေသနပြုဆောင်ရွက်ရန်နှင့် သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့်ရနိုင်သည့် အကျိုးကျေးဇူး၊ ပိုက်ဆံလျှော်နှင့်နွားချေးရောစပ်သုံးစွဲခြင်းဖြင့်ရနိုင်သည့်အကျိုးကျေးဇူး၊ ပိုက်ဆံလျှော်၊ နွားချေးနှင့်အခြားသဘာ၀မြေသြဇာများပေါင်းစပ်သုံးစွဲခြင်းဖြင့် ရနိုင်သည့်အကျိုးကျေးဇူးတို့အားသုတေသနပြုလုပ်သွားရန်”ပြောကြားခဲ့ပြီး မျိုးကူးစပ် အဆောက်အဦရှိ အင်းမရဲဘော်နှင့် ပေါ်ဆန်းမျိုးပျိုးထောင်ရန်ဆောင်ရွက်နေမှုနှင့် မျိုးစေ့များပြသထားရှိမှုနှင့် ချဉ်ပေါင်လျှော်မျိုးများ မျိုးစုဆောင်းထိန်းသိမ်းခြင်းစိုက်ခင်းနှင့် သီးလုံးပုဂုန်လျှော်မျိုးများ မျိုးစုဆောင်းထိန်းသိမ်းခြင်း စိုက်ခင်းများအားကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးစိန်မောင်သန်း၏ လယ်မြေ(၈)ဧကတွင် ဆင်းသုခမျိုးစပါးစိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး တစ်ဧက(၁၀)တင်းနှုန်းပိုမိုအထွက်တိုးစေရေးနှင့် အောင်မြင်အောင် ဆောင်ရွက်စေရေးမှာကြားခဲ့သည်။


Read More...
18-Jul-2023
ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် (၆၂) ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်-၄(ဓာတ်ခွဲ) (၈)လ သင်တန်းဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၌ (၆၂)ကြိမ်မြောက်ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်ခွဲ) (၈)လ သင်တန်းဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက အဆိုပါဆေးရုံကြီး၏ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဆေးပညာနှီးနွယ်တက္ကသိုလ်သင်တန်းကျောင်းများမှ နိုင်ငံတော်၏ပံ့ပိုးမှုနှင့် ပညာသင်ကြားပို့ချခြင်းများဆောင်ရွက်လျက်ရှိပြီး ဆေးရုံကြီးများ မှလည်း အကူသူနာပြုသင်တန်းများ ကျွမ်းကျင်ဝန်ထမ်းသင်တန်းများပို့ချလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင်လည်း ပုသိမ်ပြည်သူ့ဆေးရုံ(၉)ထပ်တိုးချဲ့ဆောင်ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ရုပ်ပိုင်းဆိုင်ရာသာမက ကုသရေးလုပ်ငန်းများပါ ထိထိမိမိဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများကိုလည်း အခက်အခဲ မရှိအဆင်ပြေစွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ဆေးရုံများသည်ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ထို့အတူ ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲ၊ ဓာတ်မှန်၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အခြားအရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများပါရှိသောကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် ဓာတ်ခွဲဝန်ထမ်းများသည်လည်း အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင် နေသောကြောင့် အရည်အချင်းပြည့်ဝသော ဓာတ်ခွဲဝန်ထမ်းများအား နိုင်ငံတော်မှနှစ်စဉ် မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဓာတ်ခွဲပညာရပ်သည် လူနာများ၏ရောဂါကုသမှု စတင်ရန်အတွက် ရောဂါရှာဖွေပေးခြင်း၊ ကုသမှုပေးရာတွင်လည်းရောဂါသက်သာမှု ရှိ/မရှိ စစ်ဆေးပေးနိုင်ခြင်း ရောဂါပြင်းထန်မှုအခြေအနေကို ခန့်မှန်းပေးနိုင်ခြင်းစသည့် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊  ဓာတ်ခွဲခန်းမှထုတ်ပေးသော အဖြေများပေါ်မူတည်၍ကုသမှုများ ပေးရခြင်းကြောင့် စမ်းသပ်စစ်ဆေးမှုအဖြေများမှန်ကန်ရန်လိုအပ်သဖြင့် သင်ကြားပေးသော ဘာသာရပ်များကို သေချာ လေ့လာသင်ယူရမှာဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ဓါတ်ခွဲပညာရပ်များဆိုင်ရာ လုပ်ငန်းအပေါ်တွင် အဆင့်မြင့်အောင်ကြိုးပမ်း၍ အရည်အသွေးပညာဗဟုသုတ များကိုလည်း တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်းနှင့် သင်တန်းပြီးမြောက်ပါက နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့်  ပြန်လည်အကျိုးပြု၍ နိုင်ငံတော်၏ လိုအပ်ချက်အား တစ်ထောင့်တစ်နေရာမှ ဖြည့်တင်းလုပ်ကိုင်နိုင်မည်ဖြစ်သော ကြောင့် သင်တန်းကာလတစ်လျောက် ပို့ချသောပညာရပ်များအားကြိုးစားသင်ယူ သွားရန်” တိုက်တွန်းအမှာစကားပြောကြားပြီး သင်တန်းသား/ သူများအတွက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် ဆေးဘက်ကျွမ်းကျင်-၄(ဓာတ်ခွဲ) သင်တန်းသည် (၈)လကြာသင်တန်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၅၇)ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။


Read More...
17-Jul-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင် အသက် ၁၉နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင် အသက် ၁၉နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ  အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊  ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဘောလုံး အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ရှေးဦးစွာ  ဗိုလ်လုပွဲအား ပုသိမ်ခရိုင်အသင်းနှင့် ကျုံပျော်ခရိုင်‌အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ကျုံပျော်ခရိုင်အသင်းက ပုသိမ်ခရိုင်‌အသင်းအား  တစ်ဂိုး - ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ ဆုရရှိသည့်ခရိုင်အသင်းများမှ အားကစားသမားက နေရာယူကြပြီးနောက် ဒုတိယဆုရရှိသည့်   ပုသိမ်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးကလည်းကောင်း၊  ပထမဆုရရှိသည့်‌ ကျုံပျော်ခရိုင်မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံး ကစားသမားဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့​နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကာ ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်းသိရသည်။


Read More...
13-Jul-2023