သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာ တန်ဆောင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကိုကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ ဦးစွာ အခမ်းအနားကို ပုသိမ်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဒို့အင် ဒို့အား” သီချင်းဖြင့်ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ကမ္ဘာ့နိုင်ငံအများစုက နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ (၈)ရက်နေ့ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် ကျင်းပလာသည်မှာ ၂၀၂၃ခုနှစ်၊ ယခုလ(၈)ရက်နေ့တွင် သက်တမ်း(၅၇)နှစ်ရှိပြီဖြစ်ပါကြောင်း၊ စာမတတ်သူဦးရေ များပြား နေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည် ကိုတွေ့ရှိရပါကြောင်း၊  စာတတ်မြောက်ခြင်းဖြင့် ဆင်းရဲမှုကို လျော့နည်းကျဆင်းစေရန် အထောက်အကူပြုသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံသားတိုင်း စာတတ်မြောက်မှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောင်မြင်စွာဆောင်ရွက်သွားနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတိုင်းတွင် စာပေသည်လွန်စွာအရေးကြီးသည့်ကဏ္ဍတွင်ပါဝင်နေပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာရာတွင် ပညာရည်မြင့်မားခြင်းသည်လည်း အဓိကအချက် တစ်ချက်ပင်ဖြစ်ပါကြောင်း၊ လူတိုင်းတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ၊ ကိုယ်စီရှိရမည်ဖြစ်ပေရာ စာပေမတတ်ခြင်းသည် ဗလငါးတန်အားလုံးကို ဆုံးရှုံးသည်နှင့် တူပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေးကြိုးပမ်းဆောင်ရွက်ခြင်းသည် စာမတတ်သူပပျောက်ရေးကို ဦးတည်နေခြင်းဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေမြဲမှ အရွယ်လွန်သက်ကြီး စာမတတ်သူများ ပပျောက်သွားမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး၊ ရာနှုန်းပြည့်အတန်းစဉ်ကူးပြောင်းစေရေးနှင့် ပညာသင်ကြားမှု အခွင့်အရေးများ ထိခိုက်နစ်နာမှုမရှိစေရေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့်  ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့ အစည်း ကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဟူသောဆောင်ပုဒ်နှင့်အညီ တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရန်လူသားအားလုံး စာတတ်မြောက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့ဟု” တိုက်တွန်းအမှာစကားများ ပြောကြား သည်။ ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက ၂၀၂၃ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့  ယူနက်စကို ညွှန်ကြားရေးချုပ်ကပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီးနောက် စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုအားပြသည်။  ထို့နောက် ပုသိမ်မြို့ အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ထာဝရမီးအိမ်ရှင်”သီချင်းဖြင့်လည်းကောင်း၊  ပုသိမ်မြို့ အမှတ်(၁၀)အခြေခံပညာမူလတန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက“စာ စာ စာ” သီချင်းဖြင့်လည်းကောင်း တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပုသိမ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ”စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် သီဆိုဂုဏ်ပြုနှုတ်ဆက်၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည် တော်များသည် ၂၀၂၃ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်မှု ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


Read More...
08-Sep-2023
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှုဖြစ်ပွားခဲ့သောနေရာအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ အုပ်ချုပ် ရေးအဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ အရေးပေါ်ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ယနေ့ညနေပိုင်းတွင် အဆိုပါနေရာများအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  အစိုးရအဖွဲ့ဝင်ကြီးများသည် မြန်အောင်မြို့၊ အမှတ် (၁)ရပ်ကွက် လွန်ဆေးမြိုင်ပန်းခြံအနီး  တာမိုင်(၅/၂) မှ(၇/၀)အတွင်း  ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့သောနေရာတွင် တာတမံကာကွယ် ဆောင်ရွက်ထာနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့မှ ကမ်းစားကမ်းပြိုခြင်းများအား Geotextile ဖြင့်ကာကွယ်ခြင်း၊ တုတ်ရိုက်၊ သဲအိတ်ဖြည့်ကာကွယ်ခြင်းနှင့် ကမ်းထိန်းလုပ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့်အစီအမံများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အရေးပေါ်ယာယီကမ်းထိန်းလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ရန်၊ ရေရှည်ကာကွယ်ရေးလုပ်ငန်းများ ရေးဆွဲဆောင်ရွက်ရန်နှင့် ဒေသခံများထိခိုက်မှုမရှိစေရေးကြိုတင်ရွှေ့ပြောင်းခြင်းများဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။ ထို့နောက် မြန်အောင်မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ဧရာဝတီမြစ်ရေ တက်ရောက်မှု အခြေအနေများကြည့်ရှုစစ်ဆေးခဲ့ပြီး စိုးရိမ်ရေမှတ်၊ အန္တရာယ်ရေမှတ်ရောက်ရှိမှုအခြေအနေများ အမြဲမပြတ်စောင့်ကြည့်ထားရှိရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်အောင်မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ သမိုင်းဝင်မြန်အောင်ဘုံသာ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ အလှူငွေများလှူဒါန်းခဲ့သည်။ ထို့နောက် ဧရာဝတီမြစ်ရေ တက်ရောက်မှုကြောင့် ဓမ္မာရုံတွင် ရွှေ့ပြောင်းထားရှိသည့် အမှတ်(၆)ရပ်ကွက်ရှိ အိမ်ခြေ (၂၁)အိမ်၊ အိမ်ထောင်စု(၂၁)စုရှိ ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံအားပေး၍ စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများအား နေထိုင်စားသောက်ရေးကိစ္စများစနစ်တကျစီစဉ်ပေးရန်နှင့်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်းသိရသည်။


Read More...
07-Sep-2023
ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အလေးမအသင်းအား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအလေးမအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက် ပေးပြီး  ဧရာဝတီတိုင်းဒေသကြီးအလေးမ အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွက် အလေးမ အားကစားနည်းသည် အားထားရသည့် အားကစားတစ်ခု ဖြစ်ပြီး ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့ပါကြောင်း၊ ယခင်နှစ်ထက် အောင်မြင်မှုများ ရရှိမည်ဟု မျှော်လင့်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အားကစားတွင် ထူးချွန်သကဲ့သို့ ပညာရေး ဘက်တွင်လည်း မလစ်ဟင်းရအောင် ကြိုးစားဆောင်ရွက် ရမှာဖြစ်ပါကြောင်း၊ ထူးချွန်ထက်မြက် သည့် မျိုးဆက်သစ် အားကစားသမားများ ထပ်မံမွေးထုတ်ပေးနိုင်ရေးအတွက် လူငယ်နှင့် အားကစားကဏ္ဍ တိုးတက်လာစေရေးအတွက် ပညာရေးနှင့်အားကစားကို တွဲဖက်၍ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ အောင်မြင်မှုရရှိသည့်အားကစားနည်း ဖြစ်သည့်အတွက် ကြိုးစားယှဉ်ပြိုင် သွားကြရန်မှာကြားလိုပါကြောင်း၊ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြစေ လိုကြောင်းနှင့် အောင်မြင်မှုများရရှိပါစေကြောင်း” အမှာစကားများ ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး အလေးမအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


Read More...
07-Sep-2023
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ကျင်းပရေး နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲများကို ပြုလုပ်ပြီးစီးပြီဖြစ်၍ (တိုင်းဒေသကြီးအဆင့်) ကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဦးတည်ချက်(၄)ရပ်ဖြင့် အညီပြုလုပ်သွားရမှာဖြစ်ပါကြောင်း၊ (၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲတွင် တိုင်းဒေသကြီးအနေဖြင့် တတိယနေရာတွင် ရရှိခဲ့ပါကြောင်းနှင့် ယခင်နှစ်အားသာချက်များကို ဆက်လက်ထိန်းသိမ်း၍ အားနည်းချက်များကိုလည်း ပြုပြင်ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ကော်မတီများအနေဖြင့်လည်း မိမိတို့တာဝန်ယူထားသည့် ကော်မတီများအလိုက် အသေးစိတ်တင်ပြဆွေးနွေးပေးကြစေလိုကြောင်း၊ ယခင်နှစ်(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူများသည် တန်းတက်ပြိုင်ရမည်ဖြစ်ပါကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ယခင်နှစ်ထက် အောင်မြင်မှုပိုမိုရရှိအောင် ကြိုးစားဆောင်ရွက်သွားရန်လိုပါကြောင်း”အမှာစကားများပြောကြားသည်။ ဆက်လက်၍ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီးတွင် ကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းထားရှိမှု၊ ဗဟိုအဆင့်သို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အောင်နိုင်ရေးကော်မတီဖွဲ့စည်းထားရှိမှု၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆုရရှိမှုအခြေအနေများ၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ခရိုင်အလိုက်ပြိုင်ပွဲဝင်ရောက်နိုင်မည့်အခြေအနေများအားလည်းကောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)က ပြိုင်ပွဲအစီအစဉ်နှင့် လစ်လပ်လျက်ရှိသော ပြိုင်ပွဲဝင်အဆင့်များအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။   ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် ကော်မတီများနှင့်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင်လည်း ယခင်နှစ်ထက် အောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက်ပေးကြရန် ဖြည့်စွက်ပြောကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


Read More...
06-Sep-2023
ပုသိမ်ပညာရေးဒီဂရီကောလိပ်နှင့် ပုသိမ်တက္ကသိုလ်တို့တွင် ပြုလုပ်သည့် လူငယ်သီတင်းပတ် ဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၌  လူငယ်သီတင်းပတ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက  အဆိုပါဒီဂရီကောလိပ်၏ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ လူငယ်သီတင်းပတ်ဖွင့်ပွဲ မုခ်ဦးဆိုင်းဘုတ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး ပြီး  Fitness Danceများဖြင့် ဖျော်ဖြေမှုများ၊ သင်တန်းသား၊ သင်တန်းသူများ၏ လူငယ် သီတင်းပတ် စွမ်းရည်ပြသမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လူငယ်သီတင်းပတ်  လူငယ်စကားဝိုင်းဖွင့်ပွဲသို့ တက်ရောက်၍ "လူငယ်သီတင်းပတ် အခမ်းအနားများကို ပညာရေးဒီဂရီကောလိပ်များနှင့် တက္ကသိုလ်အသီးသီး တို့တွင် ပြုလုပ်လျက်ရှိပါကြောင်း၊ ပြသထားသည့် ပြခန်းများတွင် သင်တန်းသား၊ သင်တန်းသူများ၏ အသိပညာ၊ အတတ်ပညာများ၊ တီထွင်ဖန်တီးမှုများဖြင့် ဒေသနှင့် ကိုက်ညီသည့် ဒေသထွက်ကုန်လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် ပြခန်းများ ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်များသည် ကလေးငယ်များအား သင်ယူမှု အခြေခံကောင်းများရရှိစေရေး သင်ကြားမှု၊ သင်ယူမှုများကို အခြေခံမှစ၍ စနစ်တကျ သင်ကြားပြသပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ သင်တန်းများပြီးဆုံးပါက ဆရာ၊ ဆရာမများ အဖြစ်  မိမိတို့တာဝန်ကျရာဒေသများသို့ သွားရောက် တာဝန်ထမ်းဆောင်သည့်အခါ ဗလငါးတန် နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးရမှာ ဖြစ်ပါကြောင်းနှင့် ဆရာ၊ ဆရာမများ ကိုယ်တိုင်ကလည်း ဗလငါးတန်နှင့်ပြည့်စုံနေရန်  လေ့လာ သင်ယူလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက်တွင် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်စေရေး၊ လူငယ်ကဏ္ဍကို မြှင့်တင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း လူငယ်ကဏ္ဍအား မြှင့်တင်ဆောင်ရွက်လျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများကလည်း မိမိတို့လေ့လာသင်ယူထားသည့် ပညာရပ်များဖြင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေး ပြုစုပျိုးထောင်ပေးနိုင်ကြပါစေကြောင်း" အားပေး အမှာစကားများ ပြောကြားသည်။ ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက လူငယ်စကားဝိုင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီးနောက် ဦးဆောင်သူအဖြစ် ပုသိမ် ပညာရေးဒီဂရီကောလိပ် သင်ပြနည်းဌာန၊ တွဲဖက်ပါမောက္ခ ဒေါ်သီသီအေးက ဆောင်ရွက်ခဲ့ပြီး ဒုတိယနှစ်ဝက် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မသောင်းစုမြတ်က "သင်ရိုးသစ် ပညာရေး"၊ မောင်ဝင်းသန်းမြင့်က "နိုင်ငံ့သားကောင်းတစ်ဦး၏အရေးပါမှု"၊ မောင်မြတ်ကိုက "လူငယ်နှင့်အားကစား"၊ မဖူးပွင့်လွင်က "မူးယစ်အန္တရာယ်နှင့်လူငယ်" အစရှိသည့် ခေါင်းစဉ်များ ဖြင့်  စကားဝိုင်းပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသူများ၏  ဆွေးနွေးမေးမြန်းမှုများအပေါ် တွဲဖက်ပါမောက္ခနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင် ပစ္စည်းများ၊ အားကစား ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူ များ၏ တေးသီချင်း များဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်သည့် လူငယ်သီတင်းပတ်ပွဲတော်သို့ တက်ရောက်၍ ဘာသာရပ် ဌာနများအလိုက် နည်းပြ/ သရုပ်ပြ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ "တောင်ယာဝင်ချိန်"၊ "ထာဝရမြန်မာ" "ကရင်ဒုံးယိမ်း" သရုပ်ဖော်အကများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းသားကျောင်းသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။


Read More...
06-Sep-2023