သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် သတ္တမအကြိမ် သူနာပြု- သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်သည့် သတ္တမအကြိမ်သူနာပြု - သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနား သို့တက်ရောက်၍ “ နိုင်ငံတဝှမ်းတွင် မှီတင်းနေထိုင်ကြသည့် ပြည်သူလူထုတစ်ရပ်လုံး အခြေခံ ကျန်းမာရေးလိုအပ်ချက်များ ပြည့်မှီစေရန်အတွက် နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေး ဝန်ကြီးဌာနက အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်မှန်းချက်များ၊ မူဝါဒများနည်းလမ်းများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ကျန်းမာရေးကဏ္ဍသည်လည်း အရေးကြီးဆုံးဖြစ်သည်နှင့်အမျှ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သော မျိုးချစ်စိတ်ဓာတ်ပြည့်ဝသော နိုင်ငံအကျိုးပြု ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အန္တိမ ရည်မှန်းချက်မှာ လူတိုင်းကျန်းမာစွာဖြင့်သက်တမ်းစေ့နေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးပင် ဖြစ်ပါကြောင်း၊  ကျန်းမာရေးကဏ္ဍမြှင့်တင်သည့်နေရာတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရည်အသွေးပြည့်ဝပြီး နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်တဲ့ မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊  သူနာပြု-သားဖွားပညာရေးများ စဉ်ဆက်မပြတ် တိုးတက်နေသည့်လမ်းကြောင်းကို ခေတ်နှင့်အညီရင်ဘောင်တန်းပြီး နိုင်ငံတော်ကချီးမြှင့်လမ်းဖွင့်ပေးထားသည့်သူနာပြုသိပ္ပံဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ သူနာပြုပါရဂူ ဘွဲ့များကိုရရှိနိုင်ရေး ဆက်လက်ကြိုးစားဆည်းပူးသွားကြ ဖို့ကိုလည်း တိုက်တွန်းမှာကြားလိုပါကြောင်း၊ သူနာပြု-သားဖွားများအပါအဝင် ကျန်းမာရေး ဝန်ထမ်းအားလုံးသည် ဆေးရုံကြီးများတွင်သာမက ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ၊ ကျန်းမာရေးအသိပညာများဖြန့်ဝေပေးခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေကြရသူများလည်းဖြစ်ပါကြောင်း၊ တာဝန်ကျနေရာဒေသတွင်လည်း ပြည်သူများအပေါ်စေတနာ အရင်းခံထားပြီး မိမိရဲ့သွေးသားရင်းများ သဖွယ်ကိုယ်ချင်းစာ စိတ်အပြည့်အဝနဲ့ နွေးထွေးစွာ ပြုစုစောင့်ရှောက်ပေးကြရန်ကိုလည်း မှာကြားလိုပါကြောင်း၊ သင်တန်းဆင်းကျောင်းသူများ အနေဖြင့်နိုင်ငံတော်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်နှင့် တွေ့ကြုံရင်ဆိုင်နေရသော ရောဂါနှင့် ကျန်းမာရေး ပြဿနာများ ၊ တိုးတက်ပြောင်းလဲလာသော နည်းပညာ၊ နိုင်ငံတော်၏ လူမှုစီးပွားရေးအခြေအနေ၊ ကျန်းမာရေးလိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိပြီး စွမ်းဆောင်ရည်ပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအားစုများအဖြစ်အားကိုးအားထားထိုက်သော သူနာပြု၊ သားဖွားကောင်းများ ပေါ်ထွန်းလာစေရန် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း” တိုက်တွန်း အမှာစကားများပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။          သတ္တမအကြိမ်သူနာပြု - သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူ(၉၅)ဦးအား အောင်လက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်းသိရသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပုသိမ်မြို့၊ ပိတောက်ချောင်းကုန်း ကျေးရွာရှိ ရတနာအလင်းရောင်(YGW)မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက်၍ ကလေးငယ်များအားပြုစုစောင့်ရှောက်မှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက  ကလေးငယ်များအတွက်အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ပြီး ကလေးငယ်များအားပြုစုစောင့်ရှောက်ပေးနေမှုအခြေအနေများ၊ မေးမြန်းခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကျောင်းတွင် ကလေးငယ်(၃၁)ဦးနှင့် ကျောင်းနေအရွယ်ကလေး (၁၇၆)ဦးအား ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။


Read More...
26-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားအား တက်ရောက်ဖွင့်လှစ်ပေး
၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော ပုသိမ်မြို့ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားအလျား(၅၃၀)ပေဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဈေးချောင်းလမ်းနှင့် ဥမ္မာဒန္တီလမ်းကြားရှိ အဆိုပါဆိပ်ခတံတား၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပုသိမ်မြို့ ကမ်းနားလမ်းသည် ယခင်က ဈေးချောင်းလမ်းထိပ်မှစ၍ တစ်လမ်သွားစနစ်ဖြင့်သာအသုံပြုနိုင်သော်လည်း နောက်ပိုင်းတွင် နှစ်လမ်းသွားအသုံးပြုနိုင်ရန်အတွက် လမ်းတိုးချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဆက်လက်ပြီး မြို့နေပြည်သူများ အပန်းဖြေခြင်း၊ အနားယူခြင်း၊ လမ်းလျှောက်ခြင်းများနှင့် ကိုယ်လက်လှုပ်ရှားအားကစားများပြုလုပ်နိုင်ရန်အတွက် နှစ်စဉ် ဘဏ္ဍာငွေဖြင့် ဆိပ်ခံတံတားအားတိုးချဲ့ဆောင်ရွက်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းများဖွံ့ဖြိုးသည့် တိုင်းဒေသကြီးဖြစ်၍ ကမ်းနားလမ်းများသန့်ရှင်း သပ်ရပ်လှပ စေရန်နှင့် ကမ်းနားလမ်းကြံ့ခိုင်စေရန်အတွက်လည်းတပါတည်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ကမ်းနားတိုးချဲ့ဆိပ်ခံတံတားသန့်ရှင်းသာယာရေးနှင့် ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။ ဆက်လက်၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပုသိမ်မြို့ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား တည်ဆောက်မှုအခြေအနေများကို ရှင်းလင်း ပြောကြားပြီးနောက် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ဆိပ်ခံတံတားဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်အား  တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူဆိပ်ခံတံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ပုသိမ်မြို့ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ ပုသိမ်ကမ်းနားတိုးချဲ့ဆိပ်ခံတံတားဆောင်ရွက်ခြင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အလျား (၄၈၀) ပေ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အလျား (၁၁၀)ပေ တိုးချဲ့နိုင်ခဲ့ပြီး ယခု၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်(၂)နှစ်ပေါင်း၍ အလျား (၅၃၀)ပေ ဆောင်ရွက်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။


Read More...
26-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ တာတမံအခြေအနေများအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် အောက်တိုဘာလ ၂၄ရက်နေ့ ညနေပိုင်းတွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ တာတမံအခြေအနေများ၊ ကမ်းပြို၊ ကမ်းစားအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ဆက်စပ်စိုက်ပျိုးမြေများအား ဧရာဝတီမြစ်ရေတိုက်စားမှုမှကာကွယ်ရန် ဆောင်ရွက်မည့်အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ရာ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးမှ တာငုတ်ကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ အုန်းတောကျေးရွာ၊ ဖောင်ဆိပ်ကျေးရွာများရှိ လူနေအိမ်များ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ ကြိုတင်ရွှေ့ပြောင်းနိုင်ရေး မြေနေရာလျာထားမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးနှင့်  လက်ထောက် ညွှန်ကြားရေးမှုး (ဟင်္သာတ) တို့မှ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၏ စိုးရိမ်ရေမှတ်သို့ ၆.၉.၂၀၂၃ နေ့တွင်ရောက်ရှိခဲ့ပြီး စိုးရိမ်ရေမှတ်အထက်တွင်  (၉)ရက်ကြာမြင့်ခဲ့မှု အခြေအနေ များ၊ မြစ်ရေတိုက်စားမှုကြောင့် ကမ်းစားမှုများဖြစ်ပွားရာ မြစ်ကမ်းဘေးရှိတာများ ကမ်းစားစဉ် ပါဝင်သွားသော်လည်း နောက်ဘက်တွင် ဖြတ်တာများကိုမိုးမကျမီ ကြိုတင်ဆောင်ရွက် ခဲ့ခြင်းကြောင့် ဟင်္သာတမြို့သို့  ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သည့်အခြေအနေများ၊ ကမ်းစားမှု တည်ငြိမ်သွားပါက လိုအပ်သည့်နေရာများတွင် မြို့ရေဘေးကာကွယ်ရေးအတွက် ဖြတ်တာ သစ်များထပ်မံ တည်ဆောက်ခြင်းကို တင်ပြဆောင်ရွက်သွားမည်အခြေအနေများရှင်းလင်း တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေဘေးကာကွယ်ရေးအတွက် လိုအပ်သည့်နေရာ များတွင် ဖြတ်တာသစ်များတည်ဆောက်သကဲ့သို့ ယခင်တာများ၏ အရေးကြီးသည့်နေရာများ တွင် တာထိပ်မြှင့်တင်ပြုပြင်ခြင်း၊ တာတမံစစ်ဆေးရေး လမ်းပြုပြင်ခြင်းများဆက်လက် ဆောင်ရွက်ရန်  မှာကြားခဲ့ပါသည်။  ဆက်လက်၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများကမ်းပြိုမှုမှကာကွယ်နိုင်ရန်နှင့် ဆက်စပ်စိုက်ပျိုးမြေများရေကြီးနစ်မြုပ်မှုမှ ကာကွယ် နိုင်ရန်အတွက် မြစ်ဖြတ်တူးမြောင်းဖောက်လုပ်နိုင်မည့်အခြေအနေများနှင့် မြစ်ကြောင်းပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအားရှင်းလင်းတင်ပြရာ လာမည့်မိုးရာသီမတိုင်မီ မြစ်ဖြတ်တူးမြောင်းဖောက်လုပ် နိုင်ခြင်းမရှိပါက ကမ်းပြိုမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး ကျေးရွာများထပ်မံရွှေ့ပြောင်းရမည့်အပြင် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရန်ဆောင်ရွက်ထားသော တာဘောင်များလည်းပြိုကျပျက်စီးပြီး ရေကြီးနစ်မြုပ်မှုများဖြစ်လာနိုင်သဖြင့် မြစ်ဖြတ်တူးမြောင်းဖောက်လုပ်ခြင်းအား ယခုနွေရာသီရေနည်းကာလတွင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။


Read More...
24-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်မြို့နယ်အားကစားခန်းမတွင် ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် “နေကြာနှင့် ပိုက်ဆံလျှော်” မျိုးစေ့ပေးအပ်ပွဲနှင့်တောင်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ်အားကစားခန်းမ၌ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် “နေကြာနှင့် ပိုက်ဆံလျှော်”မျိုးစေ့ပေးအပ်ပွဲနှင့်တောင်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ရာ ဦးစွာကျုံပျော်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌက မိုးစပါးရိတ်သိမ်းနေမှု၊ နွေစပါး၊ ဆောင်းသီးနှံနှင့် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) မျိုးစေ့ထုတ် စိုက်ပျိုးဆောင်ရွက်မည့်အစီအမံများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပိုက်ဆံလျှော်မျိုးစေ့နှင့် ဆောင်းနေကြာစိုက်ပျိုးဆောင်ရွက်မည့် အစီအမံများအား မြေပုံကားချပ်များဖြင့်လည်းကောင်း၊ ဧရာမိုးပျံကုမ္ပဏီဒါရိုက်တာက Contract Farmingဖြင့် ဆောင်ရွက်မည့်အစီအမံများအားလည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ကျုံပျော်ခရိုင်အနေဖြင့် မိုးစပါးများစတင် ရိတ်သိမ်းနေပြီဖြစ်၍ မကြာခင်ကာလအတွင်း နွေစပါး၊ ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံနေကြာများလည်း စိုက်ပျိုးတော့မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်း မရောက်သေးမီကာလအကြား ရည်မှန်းချက်အနေဖြင့် တစ်ဧက(၁၀)တင်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် စိုက်ပျိုးရေးပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတွေ့ဆုံ၍ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်၍ ရလဒ်များဖော်ထုတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မိုးစပါးများတိုးတက်ထွက်ရှိခဲ့သည်ကိုတွေ့ရှိနေရပါကြောင်းနှင့် မိုးစပါးသာမက နွေစပါးအပါအဝင် အဓိကသီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်းများရရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကျုံပျော်ခရိုင်တွင် ပီလောပီနံစိုက်ခင်းများလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိရာကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြ စေလိုပါကြောင်း၊ လာမည့်၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇) သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်း စိုက်ပျိုးသွားမည် ဖြစ်ပါကြောင်းနှင့် မျိုးစေ့ထုတ်စိုက်ခင်းများတွင်လည်း မျိုးစေ့များထုတ်လုပ်နိုင်ရန်နေရာဒေသအလိုက် စနစ်တကျစိုက်ပျိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အယ်နီညိုရာသီဥတုကြောင့် ရာသီဥတုဖောက်ပြန်မှုများရှိလာမည်ဖြစ်၍ စိုက်ဧကများထိခိုက်မှုမရှိေစေရး၊ အောင်ရေရရှိစေရေးကြိုတင်ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်းနှင့် နေကြာများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် ဆီဖူလုံရေးအတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပါကြောင်းနှင့်တိုင်းဒေသကြီး၏ စိုက်ပျိုးရေးကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်စေရေး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများက ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများပြောကြားပြီး ပိုက်ဆံလျှော်နှင့် နေကြာမျိုးစေ့များကို ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များမှ တောင်သူများထံသို့လည်းကောင်း၊  Contract Farming ဖြင့်ဆောင်ရွက်မည့် ဧရာမိုးပျံကုမ္ပဏီဒါရိုက်တာက  သွင်းအားစုများလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီးနောက် တောင်သူတစ်ဦးက ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စပါးအပါအဝင်အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ လေလွင့်ဆုံးရှုံးမှုများနည်းပါးစေရေး၊ နေကြာများအောင်မြင်ဖြစ်ထွန်းရေးနှင့် ပိုက်ဆံလျှော်မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီးနောက် တောင်သူများအားပေးအပ်မည့် သွင်းအားစုများနှင့် မျိုးစေ့များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာအုပ်စုရှိ တောင်သူဦးကျော်သူရ၏ စိုက်ဧက(၈)ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်သော RayRong9အမျိုးအစား၊ ဘောင်စနစ်ဖြင့်စိုက်ပျိုးသော ပီလောပီနံစံပြစိုက်ခင်းအား သွားရောက် ကြည့်ရှုအားပေးခဲ့ရာဒေသစိုက်မျိုး (ကိုင်းရှုတ်)မျိုးနှင့် R9အထွက်ကောင်းမျိုးအား ဘောင်စနစ်ဖြင့်ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှု၊ သက်တမ်းတို အထွက်ကောင်းမျိုးများဖြစ်သည့်  R 72၊ R 5  မျိုးများစမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေများ၊ ကျုံပျော်မြို့နယ်အတွင်းပီလောပီနံစိုက်ပျိုးထားရှိမှုနှင့် ပီလောပီနံမှထွက်ရှိသည့် ကုန်ကြမ်း၊ ကုန်ချောများအား ပြည်တွင်းပြည်ပ တင်ပို့နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများအား တာဝန်ရှိသူများမှရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပီလောပီနံအထွက်ကောင်းမျိုးများအားတောင်သူများကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်စေရေးမျိုးပွားဖြန့်ဝေဆောင်ရွက်ရန်၊ သီးထပ်စွမ်းအားများတိုးတက်စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတိုအထွက် ကောင်းမျိုးများ တိုးတက်ထုတ်လုပ်စိုက်ပျိုးရန်၊ ပီလောပီနံမှထွက်ရှိသည့်ကုန်းကြမ်းများအား တိုင်းဒေသကြီးအတွင်းရှိ အလုပ်ရုံ၊ စက်ရုံများတွင် အသုံးပြုနိုင်စေရေးပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။ ကျုံပျော်ခရိုင်အနေဖြင့် ပီလောပီနံအထွက်ကောင်းမျိုးသစ်(R 9)မျိုးအား စိုက်ဧက(၂၅၀၀)ဧက မျိုးပွါးစိုက်ပျိုးထားလျှက်ရှိပါကြောင်းသိရှိရသည်။


Read More...
24-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင် ဖွင့်လှစ်သည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်မြို့တွင် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်းအား ပိုးသတ်ဆေးဥပဒေအား သက်ဝင်လှုပ်ရှားစေရန်၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ်ကို သိရှိနားလည်ပြီး စနစ်တကျ ကိုင်တွယ်သုံးစွဲတတ်စေရန်၊ ဘက်စုံသီးနှံကာကွယ်ရေး လုပ်ငန်းစဉ်တွင် ဓာတုနည်းဖြင့်ကာကွယ် နှိမ်နင်းခြင်းလုပ်ငန်း ထိရောက်အောင်မြင်စေရန်၊ ဘေးကင်းလုံခြုံစိတ်ချရသောစားသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်မပျက် ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အထောက်အကူပြုစေရန်စတဲ့ ရည်ရွယ်ချက်များနဲ့ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဈေးကွက်အတွင်း တရားဝင်တင်သွင်းခွင့်ရှိသည့်ဆေးဝါးများ၊ တင်သွင်းခွင့်မရှိသည့် ဆေးဝါးများကိုလည်းယခုသင်တန်းမှတစ်ဆင့် သိရှိစေမည်ဖြစ်ပါကြောင်း၊  သင်တန်းတွင် ပိုးသတ်ဆေးများအား လက်တွေ့သုံးစွဲသူများ ပါရှိသကဲ့သို့ လက်မှတ်ရပိုးသတ်ဆေးများအား ရောင်းချမည့်သူများလည်းပါရှိကြောင်း၊ တိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ၃၇ သိန်းကျော်၊ နွေစပါးစိုက်ဧက ၁၄ သိန်းကျော်နှင့် ပဲမျိုးစုံစိုက်ဧက ၁၆သိန်းကျော်၊ ဆီထွက်သီးနှံစိုက်ဧက ၃သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး စိုက်ဧကများပြည့်မီစေရး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရးဆောင်ရွက်လျက်ရှိရာ ပိုးမွှားအန္တရာယ် ကင်းစင်ပြီးကျန်းမာရေးနှင့်ညီညွတ်မျှတသည့် သီးနှံများ ဈေးကွက်အတွင်း ရောင်းချနိုင်ရန်အတွက် တောင်သူများအနေဖြင့်လည်း စနစ်တကျစိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲခြင်းများဖြင့် ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊ ပိုးသတ်ဆေးသုံးစွဲသူများ၊ ရောင်းချသူများအနေဖြင့် ပိုးသတ်ဆေးများ၏ အကျိုးအာနိသင်များ၊ အန္တရာယ်ဖြစ်စေနိုင်မှုများကို နှံ့နှံ့စပ်စပ်သိရှိကြရန်လိုအပ်ပြီး အသုံးပြုမည့် တောင်သူများအား သေချာစွာ အသိပညာပေးညွှန်ကြားမှု ပြုနိုင်ရန်လည်း လိုအပ်ကြောင်း၊ သင်တန်းမှပို့ချမှုများကို သေချာလေ့လာမှတ်သားပြီး မိမိတို့အရပ်ဒေသများတွင် ပြန်လည်ဆင့်ပွားဆောင်ရွက်ပေးကြရန်နှင့် တိုင်းဒေသကြီး၏စိုက်ပျိုးရေးလုပ်ငန်းများပိုမိုတိုးတက်အောင်မြင်စေရေး ပိုးမွှားအန္တရာယ် ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများအားပိုးသတ် ဆေးသုံးစွဲသူများ၊ ရောင်းချသူများ၊တောင်သူများ၊ ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက် ပေးကြရန်” အမှာစကားပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။  အဆိုပါသင်တန်းအား ယခုလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၃ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၁၆၈ ဦး တက်ရောက်လျက်ရှိကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းမြို့နယ်အသီးသီးမှာ လိုင်စင်ရပိုးသတ်ဆေး လက်လီလက်ကား အရောင်းဆိုင် (၉၀၆) ဆိုင်ကို ဥပဒေ၊စည်းမျဉ်းစည်းကမ်းတွေနှင့်အညီ စနစ်တကျ ဖွင့်လှစ် ရောင်းချသုံးစွဲနေကြပြီဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် များစွာအကျိုးပြုလျက်ရှိနေကြပြီ ဖြစ်ကြောင်းသိရသည်။


Read More...
24-Oct-2023