သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် (၃၄)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီတို့ပူးပေါင်း၍ (၃၄)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မူကြိုကျောင်းများမှရင်သွေးငယ်များနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်လျော်ညီစွာ ကမ္ဘာ့ကလေးများနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပ လျှက်ရှိပါကြောင်း၊ ကလေးများအတွက်ဆောင်ရွက်ရာတွင် အစိုးရဌာနများ၊ အစိုးရမဟုတ်သည့် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ကြမှသာ ပြည့်စုံမည်ဖြစ်သည့်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီးက ယခုနှစ်ပေးပို့လာသည့် ဆောင်ပုဒ်ကတော့“ For every child, every right ” ဖြစ်ပြီး “ အခွင့်အရေးအားလုံး ရရှိရေးကလေးငယ်တိုင်းအတွက်ဖော်ဆောင်ပေး ” ဖြစ်သည့်အတွက် ကမ္ဘာပေါ်ရှိကလေးများအားလုံး ကလေးသူငယ်အခွင့်အရေးများအား ရရှိခံစားနိုင်ရန်၊ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်၊ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများမှ အားလုံးပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလှုံ့ဆော်ထားခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏အနာဂတ်သည် ကလေးသူငယ်များ၏ အပေါ်တည်မှီနေသည့် အတွက် ၄င်းတို့၏ ပညာရေး၊ ကျန်းမာရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဂရုပြုအလေးထား ဆောင်ရွက်ရန်လိုအပ်သလို ကလေးများအတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရန်လိုအပ်ပါကြောင်း၊ ကလေးများ၏ မွေးရာပါအခွင့်အရေးများ အပြည့်အဝရရှိစေရေးနှင့် မဆုံးရှုံးစေရေးအတွက် ကလေးသူငယ်အခွင့်အရေးများကို ဌာနဆိုင်ရာ များ၊ မိဘများနှင့် ပြည်သူတစ်ရပ်လုံးသိရှိဖြည့်ဆည်းပေးပြီး ကလေးတိုင်းအကြားအလပ်မရှိ အခွင့်အရေးများတန်းတူရရှိနိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အဖွဲ့ဝင်များ၊ အစိုးရမဟုတ်သောစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအပါအဝင် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ ပုဂ္ဂိုလ်များအနေဖြင့် စဉ်ဆက်မပြတ်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်” တိုက်တွန်းအမှာစကားများပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှပေးပို့သည့် ကလေးသူငယ်များ အတွက်ဆောင်ရွက်မှုမှတ်တမ်း Video Clipနှင့် ပုသိမ်မူလတန်းကြိုကျောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၊ P.E.C ပုဂ္ဂလိကမူလတန်းကြို ကျောင်း၊ ပုသိမ်ကလေးပြုစုရေးဌာန၊ A.I.I.C ပုဂ္ဂလိကမူလတန်းကြိုကျောင်းနှင့် အမရာ ပုဂ္ဂလိကမူလတန်းကြိုကျောင်းတို့မှ ရင်သွေးငယ်များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မူကြိုကျောင်းများမှ ရင်သွေးငယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ကမ္ဘာ့ကလေးများနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်းအဆင့် ဆုရရှိသည့်ကျောင်းသားကျောင်းသူများအား လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မူကြိုကျောင်းများမှ ရင်သွေးငယ်များအားလည်းကောင်း၊ လူမှုရေးရာဝန်ကြီးက ကမ္ဘာ့ကလေးများနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်ဆုရရှိသည့် ကျောင်းသားကျောင်းသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မူကြိုကျောင်းများမှ ရင်သွေးငယ်များနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့သည်။


Read More...
20-Nov-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ နွေစပါးရေရရှိရေးနှင့် ဧရာအားမာန် သမဝါယမအသင်းပိုင်လယ်မြေများအား နွေစပါးရေတိုးတက်ပေးဝေနိုင်ရေးဆောင်ရွက်နေမှုအခြေအနေများကြည့်ရှုစစ်ဆေး
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၉ ရက်​နေ့ နေ့လည်ပိုင်း၌ ဖျာပုံခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးရှိ ဇင်းဘောင်ရိပ်သာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ နွေစပါး ရေရရှိရေးနှင့် ဧရာအားမာန် သမဝါယမအသင်းပိုင်လယ်မြေများအား နွေစပါးရေတိုးတက်ပေးဝေ နိုင်ရေးအတွက် ဆောင်ရွက်နေမှုအပေါ် မေးမြန်းဆွေးနွေးခဲ့ရာ ဖျာပုံခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှ အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကြက်ဖမွေးဇောင်းကျွန်းပတ်တာ အတွင်းရှိ ဧရာအားမာန် သမဝါယ စိုက်ကွင်းများ နွေစပါး ရေရရှိရေးဆောင်ရွက်နေသည့် MDC-7 မြောင်းတူးဖေါ်နေမှု အခြေအနေများ နှင့် ဝါးချောင်းရေတံခါး အတွင်း ရေချိုလေလွင့်ဆုံးရှုံး မှု မရှိစေရန် ဆောင်ရွက် ထားမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နွေးစပါးရေချိုရရှိရေးဆောင်ရွက်ပေးနေမှုအခြေအနေများ၊ သီးထပ်စွမ်းအားတိုးတက်စိုက်နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းများရရှိစေရေးတောင်သူများ၊ သမဝါယမအသင်းများ၊ ဌာနဆိုင်ရာများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ နွေစပါးဧက ၁၀၀၀ ကျော်ခန့် အကျိုးပြုမည့် MDC-7 မြောင်း/ဖလက်မြောင်းသည် လုပ်ငန်းပမာဏ အလျား ၂၁၈၄၀ ပေ / ၁၆၉၆၈ ကျင်း ရှိပြီး ယနေ့ အထိ ၃၅၀၃ ပေ/ ၂၄၁၇ ကျင်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး လုပ်ငန်းများအားလုံး နွေစပါးအောင်ရေအမီ ဇန်နဝါရီလ တတိယပတ်တွင် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။ ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း နွေစပါး ရေချို ရေရှိစေရေးအတွက် အောက္ကဘာ ရေတံခါး ၊ မမိုးသူရေတံခါး စသော ရေသွင်းတံခါးများမှ သွင်းယူပေးပြီး ဝင်ရောက်လာသော ရေချိုများကို နွေစပါး စိုက်ပျိုးမည့် ဧရိယာများသို့ မြောင်းများ တူးဖေါ်ပေးလျက်ရှိရာ ဝင်ရောက်လာသော ရေချိုများဆုံးရှုံးမှု မရှိစေရန် ဝါးချောင်း ရေတံခါး မှ ထိန်းသိမ်း ဆောင်ရွက်ပေးလျက်ရှိပြီး ကြက်ဖမွေးဇောင်းကျွန်းပတ်တာ အတွင်း ယခင်နှစ် နွေစပါး ၆၈၀၀ ဧက စိုက်ပျိုးခဲ့ရာ ယခု နှစ် နွေကာလအတွင်း ပိုမိုစိုက်ပျိုးနိုင်မှာ ဖြစ်ကြောင်းသိရသည်။


Read More...
19-Nov-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ရေကြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအားဆေးကုသပေးနေမှုများကိုကြည့်ရှုအားပေး
ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ရေကြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအားဆေးကုသပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့မှ အထွေထွေရောဂါကုသမားတော်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ သွားဖက်ဆိုင်ရာအထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ဓါတ်မှန်/အာထရာဆောင်း အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသမှုပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကာ အထူးကုဆရာဝန်ကြီးများအားလက်ဆောင်ပစ္စည်းများနှင့်ဆေးလာရောက်ကုသသည့် လူနာများအတွက်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ အထူးကုဆရာဝန်ကြီးများမှ ထိုသို့ကုသပေးခဲ့ရာတွင်အထွေထွေရောဂါကုသလူနာ(၂၄၈)ဦး၊ မျက်စိရောဂါကုသလူနာ(၁၃၃)ဦး၊ အရိုး၊အကြော၊အဆစ်လူနာ (၈၉)ဦး၊ ခွဲစိတ်လူနာ(၂၂)ဦး၊ ကလေးလူနာ(၁၄)ဦး၊ သားဖွားမီးယယ်လူနာ(၂၈)ဦး၊ သွားနှင့်ခံတွင်းလူနာ(၆၅)ဦး၊ စုစုပေါင်းလူနာ(၅၉၉)ဦး အား အခမဲ့ကုသပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များတင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့သည်။


Read More...
19-Nov-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုဝင်ဘာလ ၁၇ ရက်နေ့ ည​နေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရွှေဧရာ(က)အသင်းနှင့် ရွှေဧရာ(ခ)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုအား လည်းကောင်း၊ တိုင်းဒေသကြီးကိုယ်စားပြုလက်ရွေးစင်အသင်း၏ အမျိုးသားလေးယောက်တွဲ သရုပ်ပြကစားမှုအားလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရွှေဧရာ(က) အသင်းနှင့် ရွှေဧရာ(ခ)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုအား လည်းကောင်းကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရွှေဧရာ(ခ)အသင်းမှ အားကစားသမားအား ငွေသားဆုကို တိုင်းရင်းသားရေးရာ ဝန်ကြီးကလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် ရွှေဧရာ(ခ)အသင်းမှ အားကစားသမားများအား ငွေသားဆုကို လူမှုရေးရာဝန်ကြီးက လည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရွှေဧရာ(က) အသင်းမှ အားကစားသမားအား ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရွှေဧရာ(က )အသင်းမှ အားကစားသမားများအား ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း ဆုများအသီးသီးချီးမြှင့် ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်ယောက်တွဲအမျိုးသမီးပြိုင်ပွဲနှင့် အမျိုးသားပြိုင်ပွဲတို့ တွင်ပထမဆုရရှိသည့် ရွှေဧရာ(က)အမျိုးသမီးအသင်းနှင့်အမျိုးသားအသင်းတို့အား ဆုဖလားများ ချီးမြှင့်ခဲ့ကြောင်းသိရသည်။


Read More...
18-Nov-2023
ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ၁၇ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေး ခန်းမ(၁)တွင် ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမား များက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ပိုက်ကျော်ခြင်း အမျိုးသမီးအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ပိုက်ကျော်ခြင်းပြိုင်ပွဲသည် တိုင်းဒေသကြီးအတွက် အားထားရသည့်အားကစားနည်းတစ်ခုဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင်ပြိုင်သည့်အခါများတွင်လည်း ဆုတံဆိပ်နှင့်ဆုဖလားများရရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း တိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအနေဖြင့် အောင်နိုင်ရေးအတွက် ကြိုတင်၍စုဖွဲ့လေ့ကျင့်ခြင်း၊ လူရွေးချယ်ခြင်းများ ပြုလုပ်ခဲ့ပါကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ရန် အောင်စိတ်မွေးကာ ယှဉ်ပြိုင်ကြရန်၊ ရာသီဥတုအပြောင်းအလဲကြောင့် ကျန်းမာရေးကိုအထူးဂရုစိုက်၍ ညီညွတ် မျှတသည့် အစားအသောက်များ စားသောက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့အသင်း အောင်မြင်မှုရရှိစေရန်အတွက် နည်းပြ၊အုပ်ချုပ်၊ အားကစားသမားများ အားလုံးက အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်းနှင့် အောင်မြင်မှု များရရှိပါစေကြောင်း” အမှာစကား ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
18-Nov-2023