သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၏ တိုင်းသံဃာဆောင် (၄၇)နှစ်ပြည့်အလှူတော်မင်္ဂလာအခမ်းအနားအား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အထွေထွေရောဂါကုဆေးရုံကြီး၏ တိုင်းသံဃာဆောင် (၄၇)နှစ်ပြည့် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဆေးရုံ၏ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းသံဃာဆောင် ဥက္ကဋ္ဌဆရာတော် မြို့မ ဦးကောဝိဒ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တိုင်းသံဃာဆောင်သို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် သံဃာတော်များအား ဖူးမြော်ကြည်ညို၍ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များတင်ပြလျှောက်ထားခဲ့ပြီး တာဝန်ရှိသူများအား သံဃာတော်များအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ ဆေးဝါးနှင့် ဝေယာဝစ္စကိစ္စရပ်များအား ပြည့်စုံစွာဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းသံဃာဆောင် (၄၇)နှစ်ပြည့် အလှူတော်မင်္ဂလာ အခမ်းအနားတက်ရောက်ခဲ့ရာတွင် အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်နှစ်တာထာဝရ ငွေပဒေသာပင်အလှူရှင်များအား ဂုဏ်ပြုလွှာများနှင့် တိုင်းသံဃာဆောင်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းသံဃာဆောင် ဥက္ကဋ္ဌဆရာတော် မြို့မ ဦးကောဝိဒ အရှင်သူမြတ်က တိုင်းသံဃာဆောင်၏ ဆောင်ရွက်မှုများကို ရှင်းလင်းမိန့်ကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သံဃာဆောင်အတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးကိစ္စရပ်များကို တင်ပြလျှောက်ထားခဲ့ပြီးနောက် "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ တိုင်းသံဃာဆောင်(၄၇)နှစ်ပြည့် အောင်ပွဲသဘင်အလှူတော်မင်္ဂလာကို ရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုး၍ အခမ်းအနားရုပ်သိမ်းခဲ့သည်။


Read More...
02-Jan-2024
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကျင်းပသည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကျင်းပ
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ မအူပင်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် ဘိုကလေးမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ နည်းပြဆရာဆရာမများ၊ စာသင်သားများ တက်ရောက်ကြပါသည်။ ဦးစွာ အခမ်းအနားကို အခြေခံပညာကျောင်းသား၊ ကျောင်းသူများက လူတိုင်းအတွက် ပညာရေးကိုယ်စားပြု "ဝထကလသ" တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် က " ပညာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းအား နှစ်သစ်တွင် မင်္ဂလာရှိစွာ စတင်ဖွင့်လှစ်နိုင်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ပုသိမ်မြို့နယ်၊ ဟင်္သာတ မြို့နယ်၊ မအူပင်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် ဘိုကလေးမြို့နယ်များတွင် ရက်(၄၀)တိုင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးသည် ပညာရေးတိုးတက် အားကောင်းသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ကျောင်းဖွင့်လှစ်မှု၊ ကျောင်းတက် ရောက်မှုအများဆုံး တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ပညာသင်ယူခွင့် အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ် ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက် လျှက်ရှိပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအား ရှေ့ပြေးစီမံချက်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရာနှုန်းပြည့် စာတတ်မြောက်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုးပေးမည်ဖြစ်ပါကြောင်း" အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပပညာရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။ ထို့နောက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများက "စာတတ်မြောက်ရေး ဝိုင်းကူပေး" တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းဒေသကြီးအခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် သင်ကြားပေးလျှက်ရှိသည့် စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ်များ၊ မြို့နယ်(၅)မြို့နယ်မှ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားနေလျှက်ရှိသည့် စာသင်သားများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က စာသင်သားများ အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် အခြေခံစာတတ်မြောက် ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ သင်ထောက်ကူပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး နည်းပြဆရာ၊ ဆရာမများ၊ စာသင်သားများအား ရင်းရင်းနှီးနှီနှုတ်ဆက်ခဲ့ပါသည်။


Read More...
01-Jan-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်တက္ကသိုလ်ပညာ့ရိပ်သာဖွင့်ပွဲအခမ်းအနားတက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ်ဝန်း တွင်ပြုလုပ်သည့် ပုသိမ်တက္ကသိုလ် ပညာ့ရိပ်သာဖွင့်ပွဲ အခမ်းအနားတက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး Community Center တွင် အဖွင့်အမှာစကားပြောကြားရာတွင် ပုသိမ်တက္ကသိုလ်အား တက္ကသိုလ်၏ ခမ်းနားထည်ဝါမှုနှင့်လိုက်ဖက်သည့် ပုသိမ်ပညာ့ရိပ်သာကို ဖွင့်လှစ်ပေးနိုင်သည့်အတွက် မင်္ဂလာရှိသည့်နေ့ပင် ဖြစ်ပါကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် ပညာရေးစနစ်များနှင့်အညီ တက္ကသိုလ်များ၏ Mission များသည်ပြောင်းလဲတိုးတက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာများ၊ တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ သုတေသနစာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများအား ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တက္ကသိုလ်၏ အင်္ဂါရပ်များနှင့်အညီ အဆောက်အဦများ၊ လမ်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်၍ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အားကိုးအားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေးနှင့် အဆောက်အဦများ ရေရှည်တည်တံ့ ကောင်းမွန်စေရေး၊ အသုံးအဆောင်ပစ္စည်းများအား စနစ်တကျကိုင်တွယ် အသုံးပြုစေရေး သန့်ရှင်းသာယာလှပသည့် တက္ကသိုလ်ပရဝုဏ်ဖြစ်စေရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ထို့နောက် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်တက္ကသိုလ် ပညာ့ရိပ်သာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ပုသိမ်တက္ကသိုလ် ပညာ့ရိပ်သာတွင် တစ်ခန်းလျှင် ၄၅၀ စတုရန်းပေ ကျယ်ဝန်းပြီး အခန်း ၃၂ ခန်းပါဝင်သည့် ရှစ်ခန်းတွဲလေးထပ်၊ (1 Bed Room) အဆောက်အဦ (၁)လုံး၊ တစ်ခန်းလျှင် ၈၀၀ စတုရန်းပေ ကျယ်ဝန်းပြီး အခန်း ၉၆ခန်းပါဝင်သည့် ရှစ်ခန်းတွဲလေးထပ်၊ (2 Bed Room) အဆောက်အဦ (၃)လုံး၊ တစ်ခန်းလျှင် ၁၂၀၀ စတုရန်းပေ ကျယ်ဝန်းပြီး အခန်း ၃၂ ခန်းပါဝင်သည့် ရှစ်ခန်းတွဲလေးထပ်၊ (3 Bed Room) အဆောက်အဦ (၁)လုံး တို့ဖြင့် စုစုပေါင်း အိပ်ခန်း ၁၆၀ ခန်း၊ GYM အဆောက်အဦ (၁)လုံး၊ Community Center အဆောက်အဦ (၁)လုံး၊ Outdoor Play Ground (၁)ခု ပါဝင်ကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်ဆန်စက်ပိုင်အသင်း၊ မြို့နယ်ဆန်ကုန်သည်များ အသင်းတို့မှ ဆန်တစ်ပြည်လျှင် (၂၆၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်ဥ (၁၀)လုံးလျှင် (၂၂၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဘဲဥ (၁၀)လုံးလျှင် (၂၈၀၀) ကျပ်နှုန်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ပုသိမ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ စားအုန်းဆီ ၁ ပိသာ ၅၅၀၀ ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ဆီ(၅၀)သားနှုန်းဖြင့်လည်းကောင်း ပုသိမ်တက္ကသိုလ်အတွင်းရှိ ဝန်ထမ်းများအား ရောင်းချပေးနေ မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများဝယ်ယူရာ တွင်စနစ်တကျ ရှိစေရေး၊ ဆန်၊ ဆီ စသည့် အခြေခံစားကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။


Read More...
01-Jan-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဥပ္ပါတသန္တိပါဠိတော်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ
သာသနာတော်နှစ် ၂၅၆၇ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဥပ္ပါတသန္တိပါဠိတော်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်တွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားအား “နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ အရှင်ဉာဏောဘာသ က ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်ဖြင့် သဗ္ဗညုတဘုရားရှင်ကိုပင့်ဆောင်ပူဇော်ခဲ့ပြီး တိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးမှ ဥပ္ပါတသန္တိပါဠိ တရားတော် မြတ်ကို နာကြားနိုင်ရန် နတ်၊ ဗြဟ္မာတို့အားဖိတ်ကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော် ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး အလှည့်ကျ ဘာဏက သံဃာတော်အရှင်သူမြတ်များက ဥပ္ပါတသန္တိပါဠိ တရားတော်မြတ်ကို ရွတ်ပွားသရဇ္ဈာယ် ပူဇော်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာတော်သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဥပ္ပါတသန္တိပါဠိ တရားတော်မြတ်ကို အလှည့်ကျ ဘာဏကသံဃာတော်အရှင်သူမြတ်များက (၁.၁.၂၀၂၄) ရက်နေ့မှ (၁၀.၁.၂၀၂၄) ရက်နေ့အထိ (၁၀) ရက်တိုင်တိုင် ရွတ်ပွားသရဇ္ဈာယ် ပူဇော်ကြမှာဖြစ်ကြောင်းသိရသည်။


Read More...
01-Jan-2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပုသိမ်မြို့ရှိ ကွန်ကရစ်လမ်းဖွင့်ပွဲများအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာ ကွန်ကရစ်ဘီးလမ်းဖွင့်ပွဲအား တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ခဲ့ကာ ကွန်ကရစ်ဘီးလမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ပုသိမ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဖြင့်ဆောင်ရွက်ခဲ့ပြီး အလျား (၁၃၈၅) ပေ၊ အနံ (၂)ပေ (၆)လက်မနှင့် အမြင့် (၆)လက်မထုရှိကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ၊ အမှတ်(၂၃၀) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် အရေး၊ အဖတ်နှင့် အတွက်အချက်များအား ဆရာ၊ ဆရာမများက ဒေသခံပြည်သူများအား သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ ကွန်ကရစ်ဘီးလမ်းဖွင့်ပွဲအား တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ခဲ့ကာ ကွန်ကရစ်ဘီးလမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ပုသိမ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဖြင့်ဆောင်ရွက်ခဲ့ပြီး အလျား (၁၂၀၀) ပေ၊ အနံ (၃)ပေနှင့် အမြင့် (၆)လက်မထုရှိကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ မဒေါကုန်းကျေးရွာ၊ ရွှေစံအိမ်စာကြည့်တိုက်နှင့် ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက် ကုသိနာရုံဓမ္မဗိမာန်တော်တို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် အရေး၊ အဖတ်နှင့် အတွက်အချက်များအား ဆရာ၊ ဆရာမများက ပြည်သူများအား သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ပြုလုပ်သည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အထက်တန်းအဆင့်) စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲ တွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။


Read More...
30-Dec-2023