ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ကျောင်းကုန်းမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မေလ ၂၄ ရက်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ (၁၃၀ပေ×၃၀ပေ) RC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာအခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လာမည့်ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်နိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ရောဂါများကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေးနှင့် ကျောင်းသားကျောင်းသူများအား အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး စိတ်ရင်းစေတနာဖြင့် သင်ကြားပြသပေးရန် ပြောကြားခဲ့ပြီးတိုင်းဒေသကြီးပညာရေးမှူးမှ စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စာရေးကိရိယာများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ခံမှ ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့်အချက်အလက်များအားပေးအပ်ခဲ့ကာ ကျောင်းအုပ်ကြီးမှ ကျောင်းဆောင်သစ်ဖွင့်ပွဲအမှတ်တရ အလံများပေးအပ်ခဲ့ရာ  ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စာသင်ဆောင်များအတွင်း ကျန်းမာရေးဌာနမှ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ရောက်ရှိပြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ကာ လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

 

 

24-May-2022