ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားနှင့် ကျောင်းအပ်နှံရေးနေ့ ဆောင်ပုဒ်ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်ခဲ့ပါသည်။ရှေးဦးစွာ အခမ်းအနားကို မောင်မယ်သစ်လွင် ကျောင်းသားကျောင်းသူများမှ တက္ကသိုလ်ဂုဏ်ပြု မြကျွန်းညိုညို တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ကိုဗစ်၁၉ ရောဂါကြောင့် တက္ကသိုလ်၊ ကောလိပ်များ ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ပြန်လည်ဖွင်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြပြီး ဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက် လေ့လာသင်ယူကြရမှာဖြစ်ပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ တွေးတောကြံဆခြင်း အလေ့အကျင့်ကောင်းတွေကို ပြုစုပျိုးထောင်ပေးရာနေရာဖြစ်ပါကြောင်း၊ ထို့အပြင် တက္ကသိုလ်ကျောင်းတော်ကြီးတွင် မိမိတို့ဝါသနာပါသည့် အားကစား၊ စာပေ၊ဂီတ၊ အနုပညာဆိုင်ရာများကိုလည်း လေ့လာသင်ယူခွင့်ရကြမှာဖြစ်ပါကြောင်းနှင့် မောင်မယ်သစ်လွင်တို့အနေဖြင့် အဆင့်မြင့်ပညာများကို လေ့လာဆည်းပူးပြီး သုတေသနပြုမှု၊ တီထွင်ဖန်တီးမှုတွေကို တိုးတက်အောင်မြင်အောင်ကြိုးစားရင်းဒေသနှင့် နိုင်ငံအကျိုး ဖော်ဆောင်ပေးနိုင်သူများဖြစ်ပါစေကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်မှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မောင်မယ်သစ်လွင်များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။ ပုသိမ်တက္ကသိုလ်တွင် အထူးပြုဘာသာရပ် ၁၈ခု သင်ကြားပို့ချလျက်ရှိကြောင်းသိရှိရပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်သည့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ်ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနား တက်ရောက်၍ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ်ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင်  ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံ၍ လာမည့်ပညာရေးနှစ်တွင် ကျောင်းသားကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်စေရေး၊ စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်သာယာမှုရှိစေရေး ကြိုးစားဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပညားရေးမှူးနှင့် ကျောင်းအုပ်ကြီးများမှ ကျောင်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပါသည်။

19-May-2022