ဟင်္သာတမြို့ရှိ ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် မေလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ဟင်္သာတမြို့၊ နည်းပညာတက္ကသိုလ်(ဟင်္သာတ)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ ကွန်ပျူတာတက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ကျောင်းသား ကျောင်းသူများလာရောက်၍ ကျောင်းအပ်နှံနေမှုများအား ကြည့်ရှု့အားပေးခဲ့ပါသည်။

ထို့‌နောက် တက္ကသိုလ်များမှ ဆရာဆရာမများနှင့် တွေ့ဆုံကာ တာဝန်ရှိသူများမှ ကျောင်းဆိုင်ရာ အချက်အလက်များ၊ သင်ကြားပို့ချမည့် ဘာသာရပ်များအကြောင်းနှင့် ကျောင်းသားကျောင်းသူများ၏ တည်ခိုးဆောင်များ ဆောင်ရွက်ထားရှိမှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူ‌နိုင်ရေးနှင့် ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး ကျောင်းအတွက် ထောက်ပံ့ငွေများအား တာဝန်ရှိသူများထံ ပေးအပ်ခဲ့၍ ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်များနှင့် လက်တွေ့ခန်းများ၊  စာသင်ခန်းများ၊ ကျောင်းပရိဘောဂများ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံကောင်းမွန်မှုရှိ မရှိ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တတ်ရောက်ခဲ့ပြီး ကျောင်းဆောင်သစ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦးအတွင်း လှည့်လည်ကြည့်ရှု့ခဲ့ပါသည်။ ထို့နောက် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး  ဆရာ၊ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီများ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ လာမည့်ပညာသင်နှစ်တွင် ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး စည်းရုံးဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး  တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကျန်းမာရေးသုံးပစ္စည်းများ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

11-May-2022