ရေကြည်မြို့နယ်၊ စည်ခွကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ဆီဆုံကုန်းကျေးရွာ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်‌ရာများလိုက်ပါလျက် မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ စည်ခွကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဂျပန်နိုင်ငံ Artic အဖွဲ့နှင့်‌ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားရာတွင် လာမည့်ပညာသင်နှစ်တွင် ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ကျောင်းသားဦးရေနှင့် စာသင်ခန်းများ၊ သင်ထောက်ကူပစ္စည်းများ မျှတလုံလောက်မှုရှိရန်လည်း အ‌ရေးကြီးကြောင်း၊ ယခုကဲ့သို့ ကျောင်းဆောင်သစ် ဖွင့်လှစ်ခဲ့နိုင်မှုအတွက်များစွာ ဝမ်းမြောက်ပါကြောင်း၊  ကျောင်းဆောင်ဖြစ်မြောက်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြသည့်တာဝန်ရှိသူများနှင့်  ထည့်ဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များကိုလည်းကျေးဇူးတင်ပါကြောင်းနှင့်  လာမည့်ပညာသင်နှစ်တွင် ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး စည်းရုံးဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး  Artic အဖွဲ့ မန်နေဂျင်းဒါရိုက်တာမှ ကျောင်းဆောင်သစ်နှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းကော်မတီအဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ မန်နေဂျင်းဒါရိုက်တာမှ ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့်စာရွက်စာတမ်းများအား တိုင်းဒေသကြီးပညာရေးမှူးသို့လွှဲပြောင်းပေးအပ်ခြင်း၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကျောင်းဆောင်သစ်ဖွင့်ပွဲကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖြန်းပေးခဲ့ကာ ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး အမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့ပါတယ်။

ဆက်လက်၍ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာသို့သွားရောက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ပေးအပ်ပွဲနှင့်ကြဲပက်ပွဲအခမ်းအနားသို့တက်‌ရောက်ခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးမှ  စိုက်ဧကများနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သစ်စိမ်းမြေဩဇာများ၊ ကောက်ရိုးဘိုကာရှီမြေဆွေးပုံများအား စစ်ဆေးရှုခဲ့ကာ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) အိတ်များအား တောင်သူများသို့ ပေးအပ်ခဲ့ပြီး တောင်သူများနှင့်အတူ ကြဲပက်ဆောင်ရွက်ခဲ့ပါတယ်။ ရေကြည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများသို့ (၃၀၃) ဧကစာ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ ဖြန့်ဖြူးပေးအပ်နိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။

08-May-2022