တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မေလ(၄)ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ညောင်တုန်းမြို့ အမှတ်(၃)ရက်ကွက် ၁၄လမ်းနှင့်၁၆လမ်းကြား မြို့မစျေးအနောက်ဘက်ရှိ ပန်းလှိုင်မြစ်ကမ်းပါး ပြိုကျသည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းပြိုမှုဖြစ်ပွားသည့် အလျား၁၅ဝပေနှင့် ယင်းနှင့် ဆက်စပ်အလျား၈ဝဝပေတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် လာမည့်မိုးရာသီရေးများချိန်တွင် ကမ်းပြိုမှုများ အထိုက်အလျောက် လျော့နည်းသက်သာစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ရေများချိန်အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်စေရေး မှာကြားခဲ့ပါသည်။

ထို့နောက် ညောင်တုန်းမြို့နယ်၊ သစ်တောဦးစီးဌာနရုံးသို့သွားရောက်၍ လာမည့်မိုးရာသီတွင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း စိုက်ပျိုးနိုင်ရေးအတွက်ပျိုးထောင်ထားရှိသော ကျွန်း၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ယူကလစ်နှင့်ကဗွီး ပျိုးပင်စုစုပေါင်း ၂၉၀၀၀ ကျော်ရှင်သန်ဖြစ်ထွန်းမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လျာထားချက်များ ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးကြိုးစားဆောင်ရွက်ကြစေရေး ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် သဇင်ရေကျော်ကျေးရွာနှင့် ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စုများသို့သွားရောက်၍ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျော်ပေးအပ်ပွဲနှင့် ပိုက်ဆံလျော်မျိုးစေ့ကြဲပက်ပွဲများသို့သွားရောက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကာ သစ်စိမ်းမြေသြဇာများထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တောင်သူများ၏လယ်မြေအတွင်း သစ်စိမ်းမြေသြဇာမျိုးစေ့များ ကြဲပက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

04-May-2022