နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်(ငြိမ်း) ဘဒ္ဒန္တသြသဓာဘိဝံသ မဟာထေရ်ဆရာတော်ဘုရားကြီး၏ သက်တော်ရာပြည့်ဂုဏပူဇာသဘင်ပူဇော်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမစျေးကျောင်းတိုက်၊  ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်(ငြိမ်း) ဘဒ္ဒန္တသြသဓာဘိဝံသ မဟာထေရ်ဆရာတော်ဘုရားကြီး၏ သက်တော်ရာပြည့်ဂုဏပူဇာသဘင်ပူဇော်ပွဲကို မေလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမစျေးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခ ချုပ်ဆရာတော်၊ တိုင်းဒေသကြီးသြဝါဒါစရိယဆရာတော်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်ဇနီးများ၊ တပည့်သံဃာ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ပုဏ္ဏမာရာမစျေးကျောင်းတိုက်၊ ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ အကျိုး တော်ဆောင်ချုပ်(ငြိမ်း) ဘဒ္ဒန္တ သြသဓာဘိဝံသ မဟာထေရ်ဆရာတော်ဘုရားကြီးအား ညောင်တုန်းမြို့၊ ဝေဠုဝန်ကျောင်းတိုက်၊ တိုင်းဒေသကြီးသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မမှ ဥတ္တရာသန ပလ္လင်တော်မြတ်သို့ကြွရောက်တော်မူပါရန် အဘိယာစနဂါထာဖြင့် ပင့်လျှောက်တော်မူပြီးနောက် နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆက်လက်၍ မအူပင်မြို့နယ်၊ သိုက်ကုန်းကျေးရွာ၊ သိုက်ကုန်းကျောင်းတိုက်၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဉာဏဒီပမဟာထေရ်ဆရာတော်ဘုရားထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့မှ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တကုမာရက သက်တော်ရှည်ရာပြည့်မဟာထေရ်ဆရာတော်ဘုရားကြီး၏ သင်္ခေပ ထေရုပ္ပတ္တိကထာအား ဖတ်ကြားပူဇော်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက ဂုဏဝိသိဋ္ဌထုတိဝေဒလ္လဂါထာဖြင့်ဖတ်ကြားပူဇော်ကြပါသည်။

ဆက်လက်၍ မင်္ဂလာဆိုင်းအဖွဲ့နှင့်တေးသံရှင်များက မင်္ဂလာတေးထပ်၊ ရတုပိုဒ်စုံတို့ဖြင့်လည်းကောင်း တပည့်သံဃာ၊ ဒါယကာ၊ဒါယိကာမများက လည်းကောင်း၊ ဘိသိတ်ပညာရှင်မှ ရာပြည့်ဂုဏပူဇာမင်္ဂလာသြဘာစာတမ်းကိုလည်း ကောင်းဖတ်ကြား ပူဇော်ကန်တော့ခဲ့ကြပါသည်။

ထို့နောက် သက်တော်ရှည်ရာပြည့်မဟာထေရ်ဆရာတော်ဘုရားကြီးနှင့် ပင့်သံဃာတော်များအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ (၂၀) သိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်ဇနီးမိသားစုမှ (၅)သိန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစုမှ (၅)သိန်း၊  အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဇနီးမိသားစုမှ (၅)သိန်းနှင့် စေတနာရှင်အလှူရှင်များမှ လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ကြကာ သက်တော်ရှည် ရာပြည့်မဟာထေရ်ပူဇော်ပွဲ အလှူငွေပေးအပ်လှူဒါန်းခဲ့ပြီး  ပုဏ္ဏမာရာမစျေးကျောင်းတိုက် အကျိုးတော်ဆောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ညောင်တုန်းမြို့၊ တောင်ညိုပရိယတ္တိစာသင်တိုက်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောမလအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ပါတယ်။ အဲ့ဒီနောက် သက်တော်ရှည်ရာပြည့်မဟာထေရ်ဆရာတော်ဘုရားကြီးနှင့် ပင့်သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်

04-May-2022