ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်း၊ အလယ်တန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၂ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နည်းပြများ၊ခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်းအလယ်တန်းကျောင်းအုပ်ကြီးများတက်ရောက်ကြပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပေးခြင်းဖြင့် ဆရာကြီးဆရာမကြီးများအတွက် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးကိုများစွာ အထောက်အကူပြုမှာဖြစ်ပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိစေရေး၊ စာသင်ဆောင်များ၊ ကျောင်းသုံးပရိဘောဂပစ္စည်းများ ပြည့်စုံမှုရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်လိုပါကြောင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိစေရေး ဆောင်ရွက်ပေးထားပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်စေရေး၊ အတန်းစဉ်ကူးပြောင်းသင်ယူနိုင်စေရေး ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ဆရာကြီးဆရာမကြီးများသည် ကျောင်းသူကျောင်းသားများ၏ စံနမူနာပြများဖြစ်ပြီး မိမိတို့၏တပည့်များကို နိုင်ငံသားကောင်းရတနာသမီးကောင်းရတနာများဖြစ်စေရေး သင်ကြားဆုံမပေးကြသူများပါကြောင်းနှင့် ကျောင်းသူကျောင်းသားများနှင့် ပညာရေးကဏ္ဍအတွက် အထောက်အကူပြုနိုင်သည့် အလုပ်ရုံဆွေးနွေးပွဲရလဒ်များထွက်ပေါ်လာစေရေး အလေးထားဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပါသည်။ တိုင်းဒေသကြီးပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ၂.၅.၂၀၂၂ရ ရက်နေ့မှ ၃.၅.၂၀၂၂ ရက်နေ့ထိ (၂) ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး မြို့နယ်ပညာရေးမှူး(၂၄)ဦးနှင့် အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီး (၁၀၆)ဦးတက်ရောက်ဆွေးနွေးကြကြောင်းသိရှိရပါသည်။

02-May-2022