ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်၊ ညောင်တုန်း၊ ဟင်္သာတ မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်၊ (၀၉၅၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်၊ ရတနာသိဒ္ဓိသာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်သည့် ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များတွင် ဝါကပ်သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်းဆန်တော်(၂၁၇၄)အိတ်၊ ဆီ(၄၉၆၆)ပိဿာ၊ ပဲ(၇၂၄၄)ပိဿာ၊ ဆား(၆၆၂၂)ပိဿာတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နိုင်ငံတော်သြဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ ဘဒ္ဒန္တဝေပုလ္လ၊ ထန်းပင်ကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားတော်များနာယူကြည်ညိုပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္တုပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ များ ဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေးဒရဲမြို့နယ်ပြည်သူ့ ဆေးရုံသို့ရောက်ရှိ၍  oxygen concentrator (၂)လုံး၊ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာဇော်ဝင်းနိုင်မှ လက်ခံခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးနေသည့် ဒေးဒရဲမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်၊  လူသားချင်းစာနာမှုအကူ အညီပေးရေး ပရဟိတအဖွဲ့များအား PPE ဝတ်စုံများထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့သို့ရောက်ရှိ၍ မအူပင်မြို့၊ ဓမ္မာရုံရွှေကျင်ကျောင်းတိုက်၊ ငွေရတုဓမ္မဗိမ္မာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည့် မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များတွင် ဝါကပ်သီတင်း သုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင် စုစုပေါင်း (၈၅၈၂)ပါး အတွက် ဆွမ်းဆန်တော်(၁၃၆၄)အိတ်၊ ဆီ(၁၈၈၉)ပိဿာ၊ ပဲ(၃၅၇၅)ပိဿာ၊ ဆား(၈၉၃)ပိဿာတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မအူပင်မြို့၊ ပရိယတ္တိမင်းကျောင်းတိုက်၊ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဉာဏိန္ဒာဘိဝံသ(အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ မဟာဂန္တ ဝါစကပဏ္ဍိတ)ထံမှ  အနုမောဒနာတရားတော်များ နာယူကြည်ညိုပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ များ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိ၍ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာစိုးလှိုင်ဦးမှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့သို့ရောက်ရှိ၍ ဟင်္သာတမြို့၊ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်၊ မြင်းပျံအလယ်တိုက်ကျောင်းကြီးတွင် ကျင်းပပြုလုပ်သည့် ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း၊ လေးမျက်နှာ၊ အင်္ဂပူ မြို့နယ်များတွင် ဝါကပ်သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်းဆန်တော်(၁၄၁၇)အိတ်၊ ဆီ(၂၁၈၁)ပိဿာ၊ ပဲ(၃၉၅၅)ပိဿာ၊ ဆား(၉၂၇) ပိဿာတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဟင်္သာတမြို့၊ ဘိုးသိန်းတန် ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော်  အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓ မဟာထေရ်မြတ်ထံမှ  ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ များ ဆက်ကပ် လှူဒါန်းကာ  ဟင်္သာတမြို့၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရွှေကြက်ယက်ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တအာစာရထံမှ အနုမောဒနာတရားတော်များနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။

11-Sep-2021