ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ရေကြည်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း

၂၀၂၁ ခုနှစ်၊ သြဂုတ်လ၊ ၂၈ ရက်၊ (၁၁၄၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာအနီး မမြရေလှောင်တမံသို့ရောက်ရှိပြီး ကန်ရေပြည့်မှတ်ကျော်လွန်၍ ရေပိုလွှဲမှရေထုတ်နေမှုအခြေအနေများ၊ ရေအားလျှပ်စစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေများ၊ စိုက်ပျိုးရေးအတွက် ဆည်ရေပေးဝေနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းရှင်းလင်းဆောင်တွင် မမြရေလှောင်တမံ စီမံကိန်းဆိုင်ရာအချက်အလက်များအား တာဝန်ခံဦးစီးမှူး ဦးထင်လင်းအောင်မှ လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တာတမံကြံခိုင်ရေးအတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အုတ်ပုံ စစ်ဆေးရေးဂိတ်သို့ရောက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာမည့်သူများအား ကိုဗစ်-၁၉ ရောဂါစစ်ဆေးနေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ဘက်ရဲမြို့၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ၊ တောင်သူ ဦးကျော်မျိုးဆွေ၏ ဧရာမင်းစပါး မျိုးစေ့ထုတ် စံပြစိုက်ခင်းသို့ရောက်ရှိ၍ ဓါတ်မြေသြဇာလိုအပ်မှုအခြေအနေများ၊ စိုက်ပျိုးဆောင်ရွက် ထားရှိမှုအခြေအနေများအား ဒေသခံတောင်သူများနှင့်တွေ့ဆုံမေးမြန်းခဲ့ပြီး ဓါတ်မြေသြဇာများ စျေးနှုန်းချိုသာစွာရရှိရေး၊ စိုက်ပျိုးနည်းစနစ်များမှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။  ထို့နောက် ဘက်ရဲမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိ၍ oxygen concentrator (၁)လုံးနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ် ထောက်ပံ့ပေးအပ် ခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့၊ အောက်စီဂျင်စက်ရုံ တည်ဆောက်နေသည့် နေရာသို့ရောက်ရှိ၍ စက်ရုံတည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ရောက်ရှိ၍ PPE ဝတ်စုံ(၁၀၀)၊ oxygen concentrator (၂)လုံး၊ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံဝန်ထမ်းများ အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်မှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသ ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်း လိုအပ်မှုအခြေအနေများ၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါစစ်ဆေးတွေ့ရှိမှုအခြေအနေများ၊ ဆေးရုံနှင့် ကုသရေးစင်တာများ တွင် လူနာထားရှိမှုအခြေအနေများ၊ အောက်စီဂျင်အသုံးပြုမှုအခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ  ပူးပေါင်းကူညီဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ဆေးဝါးလိုအပ်ချက်များ၊ ကုသဆေးများဝယ်ယူဖြည့်တင်းရေး၊ ကာကွယ်ကုသရေးလုပ်ငန်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေး နေသည်ဖြစ်ကြောင်း၊ ရောဂါကူးဆက်မှုများ လျော့နည်းရေးအတွက် ထိတွေ့လူနာများအား ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများအနေဖြင့် တိတိကျကျလက်တွေ့လိုက်နာ ကြဖို့လိုကြောင်း၊ ကျန်းမာရေးအသိသတိရှိဖို့လိုကြောင်းနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ပညာပေးလုပ်ငန်းများဆောင်ရွက်ကြဖို့လိုကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ရောက်ရှိ၍ ဆေးရုံသုံး ပစ္စည်းများ၊ ဆေးဝါးများ၊ PPE ဝတ်စုံ(၅၀)နှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်း ကျပ် ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ်ဒေါက်တာအောင်ဝင်းမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ ဝါဆိုမဟာစည်သာသနာ့ရိပ်သာ ဆရာတော် ဉူးသုဇာတအား ဖူးမြှော်ကြည်ညိုကာ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ထူးကြီးမြို့ ပြည်သူ့ဆေးရုံတွင် oxygen concentrator (၁)လုံး၊ PPE ဝတ်စုံ(၅၀)နှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ် ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံတာဝန်ရှိ သူများမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် အင်္ဂပူမြို့နယ်သို့ရောက်ရှိပြီး အင်္ဂပူမြို့နယ် ပြည်သူ့ဆေးရုံ အတွက် ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများ၊ PPE ဝတ်စုံ(၅၀)နှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာ အေးပပစိုးရီမှ လက်ခံရယူခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာသို့ရောက်ရှိ၍ ရတနာသုခသာသနာ့ဗိမာန်တွင် ဒေသခံပေါ်ဆန်းစပါးစိုက်တောင်သူများနှင့်တွေ့ဆုံခဲ့ပြီး ဒေသခံ တောင်သူများမှ လိုအပ်ချက်များ၊ စိုက်ပျိုးဆောင်ရွက်နေမှုအခြေအနေများအား တင်ပြခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စပါးအရည်အသွေးကောင်းမွန်စေရေး၊ စျေးကွက်တွင် စျေးကောင်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များသုံစွဲရေး၊ ဓါတ်မြေသြဇာ အချိန်ကိုက် အချိုး ညီစွာသုံးစွဲရေး၊ သဘာဝမြေသြဇာတွဲဖက်သုံးစွဲရေးနှင့် စိုက်ပျိုးနည်းစနစ်များ အဆင့်မြှင့်တင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှလည်း တောင်သူများလိုအပ်သော အကူအညီများ ပူးပေါင်းကူညီဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

28-Aug-2021