ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌  ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၂၇) ရက်နေ့ ၊ ညနေ(၄)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦး အုန်းမြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားတွင် တိုင်းဒေသကြီးရေအရင်းအမြစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ဌာန၏မူဝါဒ၊ရည်မှန်းချက်၊ လုပ်ငန်းစဉ်နှင့် လုပ်ငန်းတာဝန်များ၊ ဘဏ္ဍာရန်ပုံငွေသုံးစွဲ ခြင်းများ၊တင်ဒါခေါ်ဆောင်ရွက်ထားမှုများ၊ မြစ်ရေတင်လုပ်ငန်းသစ်များ ဆောင်ရွက်ထားရှိမှုအစရှိ သော လုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းမှဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးကလည်း ဌာန၏မျှော်မှန်းချက်၊ အဓိကလုပ်ငန်းတာဝန်များ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ အကြောင်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်များအကြောင်း Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါတယ်။ ထို့နောက်တိုင်းဒေသကြီးဆားလုပ်ငန်းခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဇော်ကလည်း မိမိဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ကြပါတယ်။

အဆိုပါ ရှင်းလင်းတင်ပြမှုများအပေါ်     တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ရေအရင်းအမြစ်ဌာနသည် မိမိဌာနမှရရှိထားသော စက်ကရိယာများဖြင့် ပြည်သူများအကျိုးရှိအောင် အချိန်နှင့်ဒေသအလိုက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားစေလိုကြောင်း၊ အသေးစားစက်မှုလက်မှုဌာနမှလည်း ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်စားသောက်ကုန်များဖြစ်အောင် ထုတ်လုပ်ရောင်းချသွားနိုင်ရေး အလေးထားဆောင်ရွက်သွားစေလိုကြောင်း၊ ဆားလုပ်ငန်းမှလည်းဆားကိုစားသုံးမှုထက် ပိုမိုအသုံးပြုဆောင်ရွက်နိုင်သော စက်ရုံအလုပ်ရုံလုပ်ငန်းများဖြစ်ပေါ်လာရေး ဆောင်ရွက်သင့်သောလုပ်ငန်းများအား တင်ပြဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

27-Aug-2021