ပုသိမ်မြို့၊ ဧရာ​ရွှေဝါခန်းမ၌ ပုသိမ်မြို့ပေါ်တွင် ဝါတွင်းကာလ သီတင်းသုံးတော်မူကြသော ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ပုသိမ်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး

၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်၊ နံနက်(၀၉၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ဧရာ​ရွှေဝါခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည် ပုသိမ်မြို့ပေါ်ရှိ ဝါတွင်းကာလ သီတင်းသုံးတော်မူကြသော ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သြဝါဒါစရိယ ညောင်ပင်သာကျောင်းတိုက် ပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊  ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့(သုဓမ္မာ) ဥက္ကဋ္ဌ မရမ်းချိုကျောင်းတိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။ ပုသိမ်မြို့ပေါ်တွင် ဝါတွင်းကာလသီတင်းသုံးတော်မူကြသော ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား (၂၄၂၇၆၀၀၀)ကျပ်တန်ဖိုးရှိ ဆန်(၈၆၇)အိတ်၊ (၅၃၈၂၀၀၀) ကျပ်တန်ဖိုးရှိ ဆီ(၁၃၈၀)ပိဿာ၊ (၁၉၀၀၀၀)ကျပ်တန်ဖိုးရှိ ဆား(၄၇၅)ပိဿာ၊ (၈၇၈၇၀၀၀)ကျပ် တန်ဖိုးရှိ ပဲ(၃၀၃၀)ပိဿာ၊ (၁၃၆၃၅၀၀)တန်ဖိုးရှိ ကြက်သွန်(၃၀၃၀)ပိဿာ တို့အား လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေကြသည့် တပ်မတော်မှ အရာရှိအရာခံစစ်သည်များ၊ အထွေထွေအုပ်ချုပ်ရေးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား (၁၂၂)ဦးတို့ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်

24-Aug-2021