ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် သြဂုတ်လ (၁၈)ရက်နေ့ (၁၃၁၅)နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မအူပင်မြို့သို့ရောက်ရှိ၍ မအူပင်မြို့ပေါ်ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် မအူပင်ခရိုင်ပြည်သူ့ဆေးရုံသို့ရောက်ရှိ၍ Oxygen Concentrator (၂)လုံး၊ PPE ဝတ်စုံ (၁၀၀)၊ ဆေးရုံသုံးပစ္စည်းများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း ထောက်ပံ့ ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာကျော်စွာလွင်မှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့၊ တပင်ရွှေထီးအောက်စီဂျင်စက်ရုံသို့ ရောက်ရှိ၍ အောက်စီဂျင်စက်ရုံဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုခဲ့ပါသည်။ ထို့နောက် မအူပင်မြို့နယ်၊ တလုပ်လပ်အရှေ့ရွာမရှိ ဦးအားယူ၏ ဥစားကြက်မွေးမြူရေးခြံသို့ရောက်ရှိပြီး ဥစားကြက်အကောင်ရေ(၁၅၀၀၀)မွေးမြူထားရှိပြီး တစ်ရက်လျှင် (၁၂၀၀၀)ဥထွက်ရှိပြီးရောင်းဝယ် ဖြန့်ဖြူးနေမှုအခြေအနေများအား ကြည့်ရှုခဲ့ပြီး မွေးမြူရေးလုပ်ငန်းအတွက် ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ကျွန်းဦးကျေးရွာအုပ်စုရှိ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့ ရောက်ရှိပြီး ကုမ္ပဏီရှင်းလင်းဆောင်တွင် စီမံကိန်းမန်နေဂျာ ဒေါ်စန်းစန်းမြင့်မှ လုပ်ငန်းဆောင်ရွက်နေမှုအခြအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ကုမ္ပဏီအတွင်းရှိ နို့ပေါင်းခန်း၊ ဒိန်ချဉ်အဆင့်ဆင့်ထုတ်လုပ်နေမှု၊ ငါးအအေးခန်း စက်ရုံ၊ စျေးကွက်သို့ ငါးတင်ပို့ဖြန့်ဖြူးနေမှု၊ နို့စားနွား နွားမွေးမြူရေးခြံနှင့် ငါးမွေးမြူရေးကန် များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

18-Aug-2021