Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၁) ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၈)ရက်နေ့ ၊ (၁၆၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊  ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် (COVID-19) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ တင်ပြဆွေးနွေးရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၊ တိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာမည့် ကုန်တင်ယာဉ်များနှင့် လိုက်ပါလာမည့်သူများအား တိုင်းဒေသကြီးနယ်စပ်ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း RTD ဖြင့် စစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း Quarantine Center (၇၆)နေရာအား အဓိကဦးစားပေးပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသွားအလာကန့်သတ်ထားရှိမည့်သူများအတွက်  Quarantine Center များထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရိုင်မြို့နယ်အဆင့် Coronavirus Disease 2019(Covid-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ  COVID-19 ဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သော အုပ်ချုပ်၊ ထောက်ပံ့ကိစ္စရပ်များတွင် လိုအပ်မည့် မတည် ရန်ပုံငွေများကို  ခရိုင်များသို့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

 ထို့နောက် တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက ကျန်းမာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆောင်ရွက်မည့် အခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

18-Jun-2021