တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်(၂) ဦးတင်အေး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များလိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂၆)ရက်နေ့ ၊ (၀၈၀၀)နာရီအချိန်တွင်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ Global Earth Agro and Aqua Industry Public Co.Ltd မှ  ဆောင်ရွက်နေသည့် ငါးမွေးမြူရေးလုပ်ငန်းများ၊ ငါးသားပေါက်စခန်းများ၊ ခေတ်မီငါးအစာတောင့်စက်ရုံ၊ ငါးအသားလွှာပြုပြင်ထုတ်လုပ် အေးခဲသည့်စက်ရုံလုပ်ငန်းများနှင့် ဝန်ထမ်းအိမ်ယာ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ကုမ္ပဏီတာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအပေါ် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၂၄၀) အချိန်တွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မအူပင်ခရိုင်အတွင်းရှိ အင်းသားကြီးများနှင့်တွေ့ဆုံ၍ အင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ငါးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ တိုးတက်မြင့်မားရေးအခြေအနေများနှင့်ပတ်သက်၍ တင်ပြလာမှု အပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၃၁၀) အချိန်တွင် ညောင်တုန်းမြို့နယ်၊ ဧရာဝတီမြစ်ဖြတ် မဟာဓါတ်အားလိုင်း သွယ်တန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် (၁၅၀၀) အချိန်တွင် ဝါဝါဝင်းကုမ္ပဏီလိမိတက်မှ နွားမွေးမြူရေး၊ နွားနို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းနှင့် ထုတ်လုပ်ဆောင်ရွက်နေမှုအပေါ် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၈၀၀) အချိန်တွင် ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်သို့သွားရောက်၍ ရွှေဇာခြည်(တန်တစ်ရာဆန်စက်)မှ စပါးအခြောက်ခံထုတ်လုပ်နေမှု အခြေအနေများ၊ စပါးကြိတ်ခွဲနေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

26-Apr-2021