ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများတွင် လုပ်ငန်းခွင်နှောက်ယှက်မှု များ၊ ခြိမ်းခြောက်မှုများနှင့် မမှန်မကန်သတင်းပေးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်များအား ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) အစည်းအဝေးကျင်းပြခြင်း

၂၀၂၁ ခုနှစ်၊ မတ်လ၊ (၂၂)ရက်နေ့၊ နံနက် (၁၁၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်သည့်  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများတွင် လုပ်ငန်းခွင် နှောက်ယှက်မှုများ၊ ခြိမ်းခြောက်မှုများနှင့် မမှန်မကန်သတင်းပေးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်များအား ကြိုတင်ကာကွယ်ရေးနှင့်လုံခြုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသောပုဂ္ဂိုလ်များမှ ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌမှ ယခုကဲ့သို့ အခက်အခဲများကိုတင်ပြပေးသဖြင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လုပ်ဆောင်ပေးရန် လိုအပ်သည့်ကိစ္စရပ်များကို သိရှိရပါကြောင်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း လုံခြုံရေးနှင့်ပတ်သက်၍ အပြည့်အဝဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးကိုထိခိုက်ပျက်ပြားစေမည့် မမှန်မကန်သတင်းပေးမှုများနှင့် ခြိမ်းခြောက်မှုများရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့၍ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ စက်ရုံများအနေဖြင့် အခက်အခဲများရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်နိုင်ပါကြောင်း၊ သို့မှသာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

22-Mar-2021