ဧရာဝတီမြစ်ရေမြင့်တက်မှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ကျိုးပေါက်ခဲ့သည့် ဟင်္သာတမြို့ နယ်၊ဖောင်ဆိပ်ကျေးရွာရှိ ဦးမိုးလေးဖြတ်တာနှင့် မြန်အောင်မြို့၊လွန်ဆေးမြိုင်ပန်းခြံအနီး မြစ်ကမ်းပါးပြိုကျမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သွားရောက် ကြည့်ရှု့စစ်ဆေးခြင်းနှင့်ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာရှိ ဦးမိုးလေးတာသည် (၄.၈.၂၀၂၀)ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုနှင့်မြစ်ရေတိုက်စားမှုကြောင့် ရေစိမ့်ပေါက်မှရေများပန်းထွက်ပြီး တာဟောင်းကျိုးပေါက်ခဲ့ကာ အနီးဝန်းကျင်ရှိ တာငုတ်ကျေးရွာ၊ ဖောင်ဆိပ်ကျေးရွာ၊ ငှက်ပျောတောကျေးရွာတို့မှ အိမ်ထောင်စု(၁၈၈)စုတို့အား ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေရာချထားခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၅)ရက်နေ့၊ နံနက် (၁၁၀၀)နာရီအချိန်ခန့်တွင် အဆိုပါနေရာသို့ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူသွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ပြီး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ/လူမှုရေးအဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအိမ်ထောင်စုများအား တွေ့ဆုံခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကာ အိပ်ပျက်ကျေးရွာအုပ်စုရှိ တာငုတ်ကျေးရွာ၊ ဖောင်ဆိပ်ကျေးရွာနှင့်ငှက်ပျောတောကျေးရွာတို့မှရွှေ့ပြောင်းအိမ်ထောင်စု(၁၈၈)စုတို့အတွက် ထောက်ပံငွေများအားပေးအပ်ခဲ့ပြီး ဒေသခံများ၏တင်ပြချက်အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေတစ်ဧကလျှင် ကျပ်သိန်း(၄၀)ဖြင့် မြေ(၆.၈၅)ဧကအား ဝယ်ယူ၍ အိမ်ခြေ (၁၈၈)အိမ်အတွက် မြေနေရာဝယ်ယူလှူဒါန်း နေရာချထားပေးသွားမည်ဖြစ်​ပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အဖွဲ့တို့သည် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီးကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီးတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အလျား ပေ ၃၀၀၊ အနံ ၃၀ ပေခန့် ကမ်းပြိုမှုဖြစ်ပွားလျက်ရှိ‌သောအခြေအနေများနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်‌နေမှုများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများက ကမ်းပြို၊ ကမ်းစားမှုကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအ‌ခြေအနေများနှင့် ဆက်လက်လုပ်ဆောင်မည့် ကမ်းထိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ကမ်းပြိုကမ်းစားမှုကာကွယ်ရေးလုပ်ငန်းများကို တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်း များ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည် သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ရေပေါ်ရေလွဲတန်းချခြင်း၊ အရေးပေါ်ကာ ကွယ်ရေးလုပ်ငန်း (Floating Unit) ဆောင်ရွက်ခြင်း၊ ရေကာတန်းရိုက်ခြင်းစသည့် ကမ်းပြိုကမ်းစားမှုကာကွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှု့အားပေးခဲ့ပါသည်။

Photo by : Wai Zin

30-Nov--0001