ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာကာလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မူဝါဒဆိုင်ရာများ ချမှတ်ထားသည့် လမ်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ထူးချွန်စွာ ကြိုးပမ်းစွမ်းဆောင်ကြသူများကို ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာကာလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မူဝါဒဆိုင်ရာများ ချမှတ်ထားသည့် လမ်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ထူးချွန်စွာ ကြိုးပမ်းစွမ်းဆောင်ကြသူများကို ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၂၂)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က စီမံခန့်ခွဲရေး ထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ စီးပွားရေးဂုဏ်ထူးဆောင်ဆုနှင့် လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ထူးချွန်မှုဂုဏ်ထူးဆောင်ဆုများကို အစိုးရအဖွဲ့၏ (၅)နှစ်တာကာပြီးဆုံးကာနီးအချိန်တွင် ချီးမြှင့်နိုင်ရန် ညှိနှိုင်းဆွေးနွေးရွေးချယ်အတည်ပြုသွားမှာဖြစ်ကြောင်း၊ ဝန်ကြီးများကလည်း မိမိတို့လက်အောက်မှာရှိကြသည့် ဌာနဆိုင်ရာများထဲက ဌာန၏ လုပ်ငန်းတာဝန်များကို ညွှန်ကြားချက်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြသည့် ဝန်ထမ်းများကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရန် လျာထားရွေးချယ်ကြပြီးဖြစ်သည့်အတွက် ယနေ့အစည်းအဝေးတွင် အတည်ပြုသွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် ခရိုင်အုပ်ချုပ်ရေးမှူးများက ရွေးချယ်ပြီး သက်ဆိုင်ရာ ဝန်ကြီးများထံသို့ တင်ပြထားကြသည့် စိုက်ပျိုးရေး၊ စီးပွားရေး၊ စက်မှုလက်မှု၊ လူမှုရေးနှင့် လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးစသည့် ထူးချွန်ဆုများကိုလည်း ရွေးချယ်သွားမှာဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှ ရွေးချယ်ချီးမြှင့်လိုက်သည့် ထူးချွန်ဆုရရှိသူများသည် တိုင်းဒေသကြီးတစ်ခုလုံးကို ဘက်ပေါင်းစုံမှ တိုးတက်အောင် ဆောင်ရွက်ရာမှာ အကျိုးပြုထောက်ပံ့ စွမ်းဆောင်နိုင်သူများဖြစ်ရန်လိုကြောင်း၊ သာမန်ရွေးချယ်တင်ပြမှုမျိုးမဖြစ်စေဘဲ တိုင်းဒေသကြီးအကျိုးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ပြီး ထဲထဲဝင်ဝင် ကြိုးပမ်းဆောင်ရွက်သူများကို ရွေးချယ်ရန်ဖြစ်ပြီး ပုဂ္ဂိုလ်စွဲမထားဖို့လဲ အရေးကြီးပါကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။

 

ထို့နောက် သက်ဆိုင်ရာကဏ္ဍအလိုက် လျာထားရွေးချယ်ထားသူများအား ရွေးချယ်ညှိနှိုင်း အတည်ပြုဆွေးနွေးကြပြီး ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။

 

အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။

Photo by : Wai Zin

30-Nov--0001