ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် Covid-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်အညီ အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင် ကွင်းဆင်းကြည့်ရှု့စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း Covid-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူမှု အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရန်အတွက် အခြေခံပညာကျောင်းများအား ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် လမ်းညွှန်ချက်များ/ဆန်းစစ်ချက်များနှင့်အညီ Covid-19ရောဂါကာကွယ်တားဆီးရေး စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်၍ အထက်တန်းဆင့်ကျောင်းများ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့၊ (၀၉၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး အထက(ငပုတော)ကျောင်းပုရဝဏ်နှင့် စာသင်ခန်းများအတွင်း (က)Covid-19 ရောဂါကာကွယ်တားဆီးရေး စီမံဆောင်ရွက်မှုများ၊ (ခ)စာသင်ကျောင်းများတွင် Covid-19 ရောဂါသံသယလက္ခဏာရှိသူ၊ ဖျားနာသူ/ Covid-19 ရောဂါပိုးရှိသူအား တွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ (ဂ) Covid-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ပိုးသတ်သန့်စင်ခြင်းပြုလုပ်ရန်အတွက် ဆောင်ရွက်ထားရှိမှု၊ (ဃ) Covid-19 ရောဂါကူးစက်မှု ကာကွယ်တားဆီးနိုင်ရေးအတွက် ဆောင်ရွက်ရမည့် ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆောင်ရွက်ထားရှိမှုစသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် အခြေခံဆန်းစစ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် အထက (ငပု တော)ကျောင်းအတွင်းရှိ အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာ/ဆရာမများအားတွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/ ကျောင်းသူများ၏ ပညာသင်ကြားရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်သကဲ့သို့ Covid-19 ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များကိုလည်း အလေးထားလိုက်နာဆောင်ရွက်သွားကြရန်လမ်းညွှန်မှာကြားခဲ့ပြီး၊ တိုင်းဒေသကြီးပညာရေးမှူးမှ အထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

Photo By : Wai Zin

30-Nov--0001