ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၀)လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၀)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၅)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က COVID – 19 ရောဂါ မြန်မာပြည်မှာ စတင်ဖြစ်ပွားချိန်မှစ၍ တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းများကို ခေတ္တလုပ်ငန်းဆောင်ရွက်မှု ရပ်နားစေခဲ့ပါကြောင်း၊ ဒီလိုလုပ်ငန်းများ ရပ်ဆိုင်းထားခြင်း၊ ခရီးသွားမှုကန့်သတ်ခြင်းများကြောင့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ လုံးဝနီးပါးရပ်ဆိုင်းသွားခဲ့ရပြီး ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရသည့်ဝန်ထမ်းများ၊ အခြေခံလူတန်းစားများ၏ လူမှုစီးပွားဘဝ အခြေအနေများ ထိခိုက်မှုရှိခဲ့ပါကြောင်း၊ ယခုအခါ အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများအပြင် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စစ်ဆေးပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လုပ်ငန်းပြန်လည်ဆောင်ရွက်ခွင့်ပြုရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ တိုင်းဒေသကြီးအစိုးရအနေနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစည်းအဝေးတင်ပြချက်များ အပေါ်မှာလည်း ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများအားလုံးက ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန်၊ ဆောင်ရွက်သင့်သည်များကို ထည့်သွင်းဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ကော်မတီအတွင်းရေးမှူးမှ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၀)အစည်းအဝေးဆုံးဖြတ်ချက်များပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ တိုင်းဒေသကြီးအတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြပါသည်။ ထို့နောက် ကော်မတီအတွင်းရေးမှူးမှ လုပ်ငန်းဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ရယူရန် တင်ပြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးတင်ပြကြပါသည်။

30-Nov--0001