ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအဆင့် Coronavirus Disease 2019 (COVID – 19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၈)ရက်နေ့၊ ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ထုတ်ပြန်ချက်

Coronavirus Disease 2019 (COVID – 19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းနှင့် ပတ်သက်၍ မြို့နယ်၊ရပ်ကွက်၊ကျေးရွာအတွင်းရှိ ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရေး ခရိုင်အဆင့် Coronavirus Disease 2019 (COVID–19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အောက်ပါအချက်များအား အလေးထားလိုက်နာဆောင်ရွက်သွားရန် အကြောင်းကြားပါသည်-

 

(က) မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မိမိ၏ နေအိမ်/ လုပ်ငန်း/ ဝန်ဆောင်မှု ပေးရာနေရာ/စက်ရုံ၊ အလုပ်ရုံများသို့ အခြားဒေသမှ ပြည်တွင်း/ပြည်ပ ဧည့်သည်များလာရောက်တည်းခိုပါကဧည့်သည်တစ်ဦးချင်းစီ၏ အမည်၊ အဖ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ ယာဉ်အမျိုး အစား၊ ယာဉ်နံပါတ်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်စသည့် ကိုယ်ရေးအချက်အလက် တို့ကို ရယူပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ ပေးပို့ရန်။

 

(ခ) မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မိမိတို့ နေထိုင်ရာ ရပ်ကွက်အတွင်း ရောဂါလက္ခဏာရှိသည်ဟု ယူဆရသူများတွေ့ရှိပါက နီးစပ်ရာ ရာအိမ်မှူးမှ တစ်ဆင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးသို့ သတင်းပေးပို့ရန်။

 

(ဂ) မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မိမိတို့ဒေသအတွင်းသို့ ပြည်တွင်းနေရပ် ပြန် ပြည်သူများ ပြန်လည်ရောက်ရှိလာပါက ၎င်းတို့အား Facility Quarantine တွင် (၁၄)ရက်ကြာ စောင့်ကြည့်မှုပြုလုပ်ရန် ယခုအခါတွင် မလိုအပ်သေးပါ ကြောင်းနှင့် Home Stay နေထိုင်ခြင်းသည်ပင်လျှင် လုံလောက်မှုရှိကြောင်း သိရှိရပါသဖြင့် ထိုသူများ Facility Quarantineတွင် နေထိုင်မှု မရှိသေးသည့် အပေါ် စိုးရိမ်ပူပန်မှုမဖြစ်ရန်။

 

(ဃ) မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် (၁၀-၄-၂၀၂၀)ရက်နေ့မှ (၁၉-၄-၂၀၂၀)ရက်နေ့ အထိ ကာလအတွင်း တိုင်းဒေသကြီးအတွင်းသို့ ကုန်စည် စီးဆင်းမှုအတွက် ၀င်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်ကြီးများနှင့် ယာဉ်မောင်းများအပါအဝင်(၇)ဦးထက်မပိုသော သာမန်အိမ်စီးကား မော်တော် ယာဉ်များကိုသာ ဝင်ထွက်ခွင့်ပြုထားပါကြောင်းနှင့် အခြားမည်သည့်ယာဉ်ကိုမျှ ဝင်ထွက်ခြင်းမပြုထားပါကြောင်း သိရှိနိုင်ပါရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန်။

 

(င) မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မဟုတ်မမှန် ကောလာဟလ သတင်းများတစ်နည်းနည်းဖြင့် ထုတ်ဝေခြင်း၊ ဖြန့်ဝေခြင်းများမပြုလုပ်ရန်။ (Website အတု၊ Page အတု၊ Account အတုများဖြင့် လိမ်လည်လှည့်ဖြား၍ ပြည်သူအများ ထိတ်လန့်မှုများဖြစ်ပေါ်စေရန် COVID-19 သတင်းမှား ဖြန့်ဝေ ပါကထိရောက်စွာအရေးယူခံရမည်ဖြစ်ပါသည်။)

 

(စ) မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကုန်ပစ္စည်းများကို ဈေးတင်ရောင်းချ နေသူများအား တွေ့ရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးများသို့ သတင်းပေး တိုင်ကြားရန်။

 

(ဆ) မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ရောဂါကူးစက် မှုကို လျှော့ချနိုင်မည့် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများ၊ လက်ကမ်းစာစောင် များ Hand Speaker ဖြင့်သတိပေးလှုံဆော်ချက်များအပေါ် ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ရန်။

 

(ဇ) မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မဟာသင်္ကြန်ကာလအတွင်း အုန်းလက် မဏ္ဍပ် အပါအဝင် မည်သည့်ရေပက်ခံ မဏ္ဍပ်ကိုမျှ ဆောက်လုပ်ရေကစားခြင်းနှင့် ရေပက်ခံကားဖြင့် လူစု၍ လည်ပတ်ခြင်းများ မပြုလုပ်ရန်။ (ပြုလုပ်ပါက ထိရောက်စွာ အရေးယူခံရမည်ဖြစ်ပါသည်။)

 

(စျ) မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ဘာသာရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဘာသာရေး/လူမှုရေးနှင့် သက်ဆိုင်သော ပွဲလမ်းသဘင်များ၊ သင်တန်းများ၊ ဇာတ်ပွဲ၊ နတ်ပွဲ၊ ဆိုင်းပွဲများ ကျင်းပခြင်းအပြင် လူစုလူဝေးဖြစ်စေမည့် ကိစ္စရပ်များ၊ ရှိခိုးပူဇော်ပွဲများ မပြုလုပ်ရန်။

 

(ည) စက်ရုံ/ အလုပ်ရုံ၊ စားသောက်ဆိုင်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ပိုင်ရှင်များ၊ မော်တော်ယာဉ်/ရေယာဉ်ပိုင်ရှင်များအနေဖြင့် မိမိတို့၏စက်ရုံ/အလုပ်ရုံ၊ စားသောက်ဆိုင်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများသို့ လာရောက်သူများနှင့် မိမိတို့၏ယာဉ်များပေါ်သို့ လိုက်ပါစီးနင်းသူများအား Non-contact Thermometer ဖြင့် အပူချိန်တိုင်းတာစစ်ဆေးပေးရန်။ အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ် ( သို့မဟုတ် ) ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်နှင့် အထက် ရှိသောသူများ၊ ချောင်းဆိုးသူများ၊ အသက်ရှူရခက်ခဲသူများအား နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားရန်။ လက်သန့်ဆေးရည်/ လက်ဆေးရန်နေရာများ၊ Tissue၊ အဖုံးပါသော အမှိုက်ပုံးများ စီစဉ် ဆောင်ရွက်ပေးရန်။

 

(ဋ) လူမှုရေးအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်လျက်ရှိသော လုံခြုံရေးကိစ္စရပ်များ၊ ကောလာဟလ သတင်းမပြန့်ပွားရေးကိစ္စရပ်များ၊ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းများ ဆောင်ရွက် နေသည့် ကိစ္စရပ်များအပေါ် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ နယ်ထိန်းတပ်ဖွဲ့ဝင်များ နှင့် အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်။

 

(ဌ) မော်တော်ယာဉ်/ရေယာဉ်ပိုင်ရှင်များအနေဖြင့် ခရီးစဉ်တစ်ခုချင်းအတွက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အပါအ၀င် လိုက်ပါစီးနင်းသူများ၏ အမည်စာရင်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ထိုင်ခုံနေရာချထားမှု တို့ကို စနစ်တကျမှတ်တမ်းတင်ထားရှိပြီး သက်ဆိုင်ရာ ဂိတ်မှူးများမှတစ်ဆင့် မြို့နယ်မော်တော်ယာဉ်/ရေယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီသို့ ပေးပို့ရန်။

 

(ဍ) မော်တော်ယာဉ်/ရေယာဉ်ပိုင်ရှင်များ၊ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော Coronavirus Disease 2019 (COVID -19) ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး နှိုးဆော်မှု အသံလွှင့်ချက်အား ယာဉ်ပေါ်လိုက်ပါစီးနင်းလာသူများ/စက်ရုံ၊ အလုပ်ရုံ၀န်ထမ်းများ သိရှိနားထောင်နိုင်စေရေး ဆောင်ရွက်ပေးရန်။

 

(ဎ) ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအနေဖြင့် ပြန်လည်ရောက်ရှိသည့်နေ့မှ (၁၄)ရက်အတွင်း ပြည်သူလူထု၏ ဝိုင်းဝန်းကူညီစောင့်ရှောက်မှုဖြင့် သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာ ကန့်သတ် ခြင်း (Community Based Facility Quarantine)တွင်သာ နေထိုင်ရန်။ (လိုက်နာဆောင်ရွက်မှုမရှိပါက ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပါပြဌာန်းချက်များနှင့်အညီ အများ ပြည်သူအကျိုးငှာ အပြစ်ပေး အရေးယူခြင်းခံရမည်ဖြစ်ပါသည်။)

 

(ဏ) ပြည်ပမှသော်လည်းကောင်း၊ ပြည်တွင်းအခြားဒေသမှသော်လည်းကောင်း၊ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဦးစီးဌာနသို့ မပျက်မကွက်သတင်းပို့ပြီး ဆေးစစ်မှုခံယူရန်။

 

(တ) လူမှုရေးအသင်းအဖွဲ့များအနေဖြင့် သံသယရှိလူနာများအား လူမှုရေး အသင်းအဖွဲ့မှ မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင်မည်ဆိုပါက သက်ဆိုင်ရာ နယ်မြေရှိ ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပူးပေါင်းဆောင်ရွက်ရန်။

 

(ထ) ပုဂ္ဂလိက စာသင်ဝိုင်းများ၊ ကိုယ်ပိုင်စာသင်ကျောင်းများ၊ ပုဂ္ဂလိကနေ့ကလေး ထိန်းကျောင်းများ၊ မူလတန်းကြိုကျောင်းများ အနေဖြင့် မိမိတို့၏ ကျောင်းများ ကို ခေတ္တပိတ်သိမ်းရန်။

 

(ဒ) တိုင်းဒေသကြီးအတွင်း မရှိမဖြစ်လိုအပ်သော စားသောက်ကုန်များ ရောင်းချ သည့်လုပ်ငန်းများ၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများ၊ ဘဏ်များ အစရှိသည့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများပိတ်သိမ်းခြင်းမပြုဘဲ (COVID -19) ကာကွယ်ရေး နည်းလမ်းများဖြင့်သာ ဖွင့်လှစ်ရောင်းချရန်။

 

(ဓ) စျေးများ၌ ရောင်း၀ယ်ဖောက်ကားသူများ၊ စျေးသည်များ၊ စျေး၀ယ်များ အနေ ဖြင့် တစ်ကိုယ်ရည်ကျန်းမာရေးကောင်းမွန်သူများ ဖြစ်ရမည်ဖြစ်ပြီး ဈေးသည် များအနေဖြင့် ရောင်း၀ယ်ဖောက်ကားသည့်နေရာများ၊ ရောင်းကုန်များကို သန့်ရှင်း စင်ကြယ်စွာ ဆောင်ရွက်ထားရန်။

 

(န) စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် Coronavirus Disease 2019 (COVID -19)အား အကြောင်းပြု၍ ပြည်သူများအတွင်း ဆေးဝါး၊ ရိက္ခာနှင့် လူသုံးကုန် ပစ္စည်းများကို အကျိုးအမြတ်ရရှိရေးအတွက် ဈေးတင်ရောင်းချခြင်း မပြုရန်။ (ရောင်းချနေကြောင်း စိစစ်တွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ပါသည်။)

09-Apr-2020