ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပုသိမ်)၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၃)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် နယ်စပ်ဒေသ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်နှင့် အမျိုးသမီးငယ်များအား အိမ်တွင်းမှု အသက်မွေးလုပ်ငန်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်ဟူသော ရည်ရွယ်ချက် (၂)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအတွက် သက်မွေးဝမ်းကြောင်းကဏ္ဍဖွံ့ဖြိုးရေး၊ အမျိုးသမီးများ စွမ်းပကားမြှင့်တင်ရေး၊ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် အခွင့်အလမ်းကောင်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်ပေးလျက်ရှိသောကြောင့် ဒီအခွင့်အလမ်းကောင်းများကို ဆုပ်ကိုင်ပြီး အမျိုးသမီးများ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ မိမိဘဝအခက်အခဲများကြောင့် လူကုန်ကူးပွဲစားများ၏ သွေးဆောင်မှု၊ မက်လုံပေးမြူဆွယ်မှုတို့ကို နားမယောင်စေရေး၊ လူကုန်ကူးမခံရစေရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို မပျောက်ပျက်အောင် ထိန်းသိမ်းရန် ထပ်လောင်း ပြောကြားလိုကြောင်း၊ သင်တန်းသူများအနေဖြင့် သင်ကြားတတ်မြောက်ခဲ့သည့် ပညာရပ်များကို လက်တွေ့အသုံးချကာ ကိုယ်ပိုင်စီးပွားရေး ထူထောင်နိုင်သည်အထိ ကြိုးစားဆောင်ရွက်ကြရန်၊ ပညာရပ်များကိုလည်း မိမိပတ်ဝန်းကျင်တွင် ပြန်လည်ဆင့်ပွားပေးကြရန်၊ သင်တန်းကျောင်း၏ ရည်ရွယ်ချက်ကို သိရှိနားလည်ပြီး ကိုယ့်မြေ၊ ကိုယ်ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်အောင် ကြိုးစားကြရန် အမှာစကားပြောကြားပြီး သင်တန်းထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ပါသည်။

ထို့နောက် တာဝန်ရှိသူများမှ သင်တန်းဆင်းကျောင်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

(ဤသင်တန်းကို (၁၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသူ (၅၀)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။)

Photo By : Wai Zin

13-Mar-2020