ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)သို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၄)ရက်နေ့၊ ညနေ (၁၄၃၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးများကို လုံးဝပပျောက်နိုင်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး အဖွဲ့အစည်းတစ်ခုချင်းစီမှ လူတစ်ဦးချင်းစီထိ တာဝန်ကိုယ်စီရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အသိပညာပေးဆောင်ရွက်ရာတွင် ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ (၁၀၂)ကြိမ် အသိပညာပေးဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA)၊ မူးစိတ်တား အထောက်အကူပြု အဖွဲ့များအနေဖြင့်လည်း အသိပညာပေးကဏ္ဍများကို ကွင်းဆင်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပိတ်ဆို့စစ်ဆေးရုံဖြင့် မလုံလောက်ဘဲ အခြေအနေနှင့် နေရာဒေအပေါ် တူတည်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့အနေနှင့်လည်း တိုင်းဒေသကြီးနယ်မြေအတွင်း ဖြစ်ပွားလျှက်ရှိသော လူမှောင်ခိုမှု၊ ရေလုပ်သားခေါင်းပုံဖြတ်မှုများ ကြိုတင်ကာကွယ်ရေးကို အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်ကို ပြည်သူလူထု တစ်ရပ်လုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးနှင့် လူကုန်ကူးမှုပွဲစားများမှ တစ်ဆင့်ခံ တယ်လီဖုန်းဖြင့် ဆက်သွယ်စည်းရုံးသူများကို ဖော်ထုတ်သတင်းပေးရာတွင် ကြောက်ရွံ့ခြင်း မရှိစေဘဲ သတင်းပေးကြဖို့နှင့် သတင်းပေးသူများကို လျှို့ဝှက်အကာအကွယ်ပေးမည့် အကြောင်းအား နားလည်သိရှိနိုင်ရန် ဟောပြောစည်းရုံးသွားရမှာဖြစ်ကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအား ခိုင်မာစွာ တည်ဆောက်မည်ဆိုပါက မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ တဖြည်းဖြည်း ချုပ်ငြိမ်းပပျောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများမှ မိမိတို့ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ဆောင်ရွက်မည့် အစီအစဉ်များအား ပေါင်းစပ်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကား ပြောကြားခဲ့ပါသည်။

Photo By : Wai Zin

06-Mar-2020