ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂/၂၀၂၀ ကြိမ်မြောက် ARIC အစည်းအဝေးသို့ တက်ရောက်

၂/၂၀၂၀ ကြိမ်မြောက် ARIC အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ (၂၆)ရက်နေ့၊ ညနေ (၁၅၀၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ကော်မတီစတင်ချိန်မှ ယနေ့အထိ လုပ်ငန်း (၄၃)ခု ခွင့်ပြုနိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၁)ခုကို ခွင့်ပြုပေးနိုင်ပြီး အစည်းအဝေးကို တစ်လလျှင် တစ်ကြိမ် အနည်းဆုံး ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်နိုင်ရန်လည်း မျှော်မှန်းလျက် ရင်းနှီးမြှုပ်နှံလုပ်ငန်းများ အဆင်ပြေချောမွေ့ရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဟာ တိုင်းဒေသကြီးအတွက် စီးပွားရေးဖွံ့ဖြိုးဖို့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ အခြေခံဖြစ်သည့်အတွက် ကော်မတီအဖွဲ့ဝင်များအနေနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆက်လက်ဖိတ်ခေါ်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို ဥပဒေနှင့်အညီ အတည်ပြုခွင့်ပြုမိန့် ထုတ်ပေးနိုင်ရေး ကော်မတီဝင်များအနေဖြင့် ဆွေးနွေးပေးကြရန်၊ တိုင်းဒေသကြီးအနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အမြန်ဆုံး လွယ်လင့်တကူဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးကို ရွေးချယ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံကြသည့်အတွက် ကြိုဆိုပါကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။

 

အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

26-Feb-2020