ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအဖွဲ့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၀)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအဖွဲ့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၀)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဖေဖော်ဝါရီလ (၂၆)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ယခင်အစည်းအဝေးတွင် လုပ်ငန်းလိုင်စင်ကိစ္စရပ်များ၊ လိုင်စင်သက်တမ်းတိုးကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် ယနေ့အစည်းအဝေးတွင် တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၏ အကြံဉာဏ်များရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကမ်းရိုးတန်း ခရီးစဉ်ဒေသများသာမက ယဉ်ကျေးမှုအရသော်လည်းကောင်း၊ သမိုင်းကြောင်းအရသော်လည်းကောင်း ထင်ရှားသည့် ခရီးစဉ်ဒေသများ အများအပြားရှိသည့်အတွက် အဆိုပါဒေသများကို ခရီးသစ်ဒေသအဖြစ် ဖော်ထုတ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လတ်တလောအနေဖြင့် ဂေါ်ရန်ဂျီကျွန်းဒေသကို စနစ်တကျရှိစေရေးနှင့် ခရီးစဿ်ဒေသအသစ်အဖြစ် ဖော်ထုတ်နိုင်ရန် မြေပြင်ကွင်းဆင်းဆောင်ရွက်ထားပါကြောင်း၊ အခြားသော ခရီးစဉ်များကိုလည်း ဖော်ထုတ်နိုင်ရေးအတွက် သမိုင်းပညာရှင် ဒေါက်တာတိုးလှနှင့်အဖွဲ့အား ဖိတ်ခေါ်၍ ကနဦးဆွေးနွေးထားကြောင်း၊ ခရီးသွားလုပ်ငန်းသစ်ဖော်ထုတ်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးသွားကြရန်ဖြစ်ကြောင်း တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များ အနေဖြင့်လည်း လိုအပ်ချက်များအပေါ် အားနည်းချက်/အားသာချက်ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးသွားကြရန်လည်း လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး ကော်မတီဝင်များမှ အကောင်းဆုံး အကြံပြုပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူးမှ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၀) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြပါသည်။ ထို့နောက် ကော်မတီအတွင်းရေးမှူးမှ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ရယူရန် တင်ပြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေး တင်ပြကြပါသည်။

Photo By : Wai Zin

26-Feb-2020