ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် သတ္တမနှစ် စက်ဝန်းတွင် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အကြံဉာဏ်ရယူဆွေးနွေးမည့် လူထုဗဟိုပြုစီမံကိန်း မြို့နယ်ရွေးချယ်ရန်အတွက် အကြံဉာဏ်ရယူခြင်းအစည်းအဝေးတက်ရောက်

စိုက်ပျိုးရေး၊ မွေးမြူရေး ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မည့် လုထုဗဟိုပြုစီမံကိန်းအား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက်မှ တစ်မြို့နယ်ကို ထပ်မံရွေးချယ်ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် သတ္တမနှစ် စက်ဝန်းတွင် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အကြံဉာဏ်ရယူဆွေးနွေးမည့် လူထုဗဟိုပြုစီမံကိန်း မြို့နယ်ရွေးချယ်ရန်အတွက် အကြံဉာဏ်ရယူခြင်းအစည်းအဝေးကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြည်ထောင်စုအစိုးရအသစ် စတင်တာဝန်ထမ်းဆောင်ပြီး ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာတွင် စွမ်းဆောင်ရည် မြင့်မားရေးနှင့် ဒီမိုကရေစီနည်းလမ်းတကျ ဖွံ့ဖြိုးရေး ဆောင်ရွက်တတ်စေရန် အထောက်အကူပြုခဲ့သည့် ဒီလူထုဗဟိုပြုစီမံကိန်းသည် အလွန်ထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့သည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း၊ ကျေးလက်ဒေသများတွင် အဓိက လိုအပ်ချက်ဖြစ်နေဆဲ ကျေးလက်အခြေခံ အဆောက်အဦနှင့် အခြေခံ ဝန်ဆောင်မှုများကို ဒီစီမံကိန်းမှ ပံ့ပိုးပေးနေပါကြောင်း၊ ယခုစီမံကိန်းသည် အရွေးချယ်ခံရသည့် မြို့နယ်အတွင်းရှိ ကျေးရွာအားလုံးတွင် အကောင်အထည်ဖော်ပေးမည်ဖြစ်သောကြောင့် ကျေးလက်ဆင်းရဲမှု လျော့ချရေးကို အဓိကထောက်ကူသွားနိုင်မှာဖြစ်ပြီး မြို့ပြနှင့် ကျေးလက်ဆင်းရဲမှု ကွာဟချက်ကိုလည်း ကျဉ်းမြောင်းလာစေရန် မျှော်လင့်နိုင်မည် ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသည့် ငွေပမာဏနှင့် ကိုက်ညီမည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကမ္ဘာ့ဘဏ်၏ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်၍ အရွေးခံရသည့် မြို့နယ်အတွင်းမှာရှိသည့် ငွေပမာဏနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကမ္ဘာ့ဘဏ်၏ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်၍ အရွေးခံရသည့် မြို့နယ်အတွင်ရှိ ကျေးရွာများအားလုံး ဖွံ့ဖြိုးမှု အကျိုးကျေးဇူးကို ခံစားရမှာဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ရွေးချယ်ရေးမူများနှင့် အညီသာ ရွေးချယ်ရမည် ဖြစ်သည့်အတွက် ထိုသို့ ရွေးချယ်နိုင်စေရန် ယခုကဲ့သို့ အဖွဲ့အစည်းများ အားလုံး ဖိတ်ကြားဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ရွေးချယ်မခံရသည့် မြို့နယ်များ အနေနှင့်လည်း စိတ်ပျက်ရန်မလိုဘဲ စီမံကိန်း အောင်မြင်သည်နှင့်အမျှ ကမ္ဘာ့ဘဏ်နှင့် အခြားဖွံ့ဖြိုးရေး အေဂျင်စီအသီးသီးမှ ထပ်မံပေးလာမည့် အကူအညီများနှင့် နိုင်ငံတော်အစိုးရဘတ်ဂျက်ရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေများဖြင့် ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်၍ သည်းခံပြီး နားလည်မှုရှိစွာ စောင့်ဆိုင်းပေးကြရန်ကိုလည်း ကြိုတင်မေတ္တာရပ်ခံလိုပါကြောင်း၊ နိုင်ငံတော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနေသည့် ကာလတွင် ကျေးလက်နေပြည်သူများ၏ လူမှုဘဝလည်း တိုးတက်ဖွံ့ဖြိုးပြီး ဆင်းရဲမှုလွတ်မြောက်မှ အနာဂတ်ကာလတွင် မြို့ပြကျေးလက်ဖွံ့ဖြိုးမှု ညီမျှသည့် တိုင်းဒေသကြီးအဖြစ်ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းမှ လာရောက်ထောက်ကူ ဆောင်ရွက်ပေးသည့် ယခုလိုအခွင့်အလမ်းမျိုးကို အကျိုးရှိရှိ အသုံးချသည့်အနေနှင့် ယခုအစည်းအဝေးတွင် ကိုယ့်ဒေသ၊ ကိုယ့်မြို့နယ်အတွင်းမှ ကျေးရွာများဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်၊ ရွေးချယ်ခံရပြီး မြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးတွင် လုပ်ငန်းများ အကောင်အထည်ဖော်လိုပါက လိုအပ်သည်များ ဝိုင်းဝန်းပံ့ပိုးကူညီပြီး စီမံကိန်းအောင်မြင်အောင် ဆောင်ရွက်ပေးကြရန်၊ ကျေးရွာများဖွံ့ဖြိုးရေးမှသည် အဘက်ဘက်ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးအဖြစ် အကောင်အထည်ဖော်ရန် ရည်မှန်းချက်ထား ဝိုင်းဝန်းအားထုတ်ပေးကြရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့မှလည်း လိုအပ်သည့် လုပ်ငန်းစဉ်များအားလုံး ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

လူထုဗဟိုပြုစီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ယခုလက်ရှိအထိ စီမံကိန်းမြို့နယ် (၆)မြို့နယ်တို့ရှိ ကျေးရွာအုပ်စုပေါင်း (၃၄၁)အုပ်စု၊ ကျေးရွာပေါင်း (၂၄၀၃)ရွာ၊ အခြေခံအဆောက်အဦ အမျိုးအစားပေါင်း (၄၉၉၁)ခုကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။

26-Feb-2020