ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း ကတ် (၁)သန်းပြည့် အထိမ်းအမှတ် အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလထုတစ်ရပ်လုံး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံထောင့်စုံကဏ္ဍစုံကနေ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားတစ်ဦး၏ လူမှုရေး၊ စီးပွားရေးလုပ်ငန်းကိစ္စရပ်များအတွက် မရှိမဖြစ် လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွယ်ကူချောမွေ့စွာ ကိုင်ဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးလျက်ရှိရာ အစိုးရသစ်လက်ထက် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း ကတ် (၁)သန်းပြည့် အထိမ်းအမှတ် အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နံနက် (၀၈၃၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြည်သူကို ဗဟိုပြုပြီး ပြည်သူ့ဆန္ဒကို အလေးထားကာ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုသည့် ဆန္ဒနှင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို မြို့နယ်ရုံးများတွင်သာမက ရပ်ကွက်/ကျေးရွာများ၊ စာသင်ကျောင်းများသို့ စီမံချက်များရေးဆွဲကာ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် သစ္စာစီမံချက်၊ One Stop Service၊ Mobile Team၊ Home Service များ ဖြင့်ဆောင်ရွက်ပေးခြင်း၊ မြို့နယ်အသီးသီးမှ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် သွားရောက်အလုပ်လုပ်ကိုင်သူများကိုလည်း လုပ်ငန်းခွင့်မပျက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိအောင် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ မိဘမဲ့ဂေဟာများ၊ ပရဟိတဂေဟာများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ လူငယ်သင်တန်းကျောင်းများတွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးမှုကြောင့် ပြည်သူများ ရသင့်ရထုက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆင်ပြေစွာ အခက်အခဲမရှိ ရရှိကိုင်ဆောင်နိုင်ခဲ့သလို ရရှိထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်း ပြည်သူများမှ တန်ဖိုးထားကိုင်ကွယ်ထိန်းသိမ်းကြရန်၊ ဆက်လက်ပြီး အသက် (၁၀)နှစ်၊ (၁၈)နှဏ်ပြည့်လာမည့်သူများကိုလည်း အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားရန်နှင့် ယခုကဲ့သို့ တိုင်းဒေသကြီးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း ကတ် (၁)သန်းပြည့် အခမ်းအနားကို ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီး ဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ခရိုင်အလိုက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရာတွင် ကတ် (၁)သန်းပြည့်မြောက်ခဲ့သည့် လပွတ္တာမြို့နယ်၊ ဆားချက်ကျေးရွာအုပ်စု၊ ချမ်းသာအေးကုန်းကျေးရွာနေ အဘဦးစီးဒို၏သား စောဆာဘလုမူးအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ရာ စောဆာဘလုမူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်မှ ယနေ့အထိ (၄)နှစ်ကျော်ကာလအတွင်း အသက် (၁၀)နှစ်ပြည့်ပြီးသူ (၃၇၀၇၀၅)ဦး၊ အသက် (၁၈)နှစ် ပြည့်ပြီးသူ (၂၅၉၈၂၈)ဦး၊ အသက် (၁၀)နှစ်ပြည့်မှ (၁၈)နှစ်ပြည့် လဲလှယ်ဆောင်ရွက်သူ (၁၄၂၂၂၉)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီး၍ မိတ္တူ ဆောင်ရွက်ပေးသူ (၂၈၈၃၄၆)ဦး၊ စုစုပေါင်း (၁၀၆၁၁၀၈)ဦးကို ပြည်သူများလက်ဝယ်သို့ ထုတ်ပေးနိုင်ခဲ့ပါသည်။

Photo by : Wai Zin

26-Feb-2020