ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊မြန်အောင်မြို့နယ်၊ကျွဲတဲကုန်းကျေးရွာအုပ်စု၊ လေးဗမောကျေးရွာ၌ ကျင်းပပြုလုပ်သည့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မား၍ အသိပညာဗဟုသုတများတိုးပွားကာ တစ်ဦးချင်းဝင်ငွေ များတိုးတက်စေပြီး လူမှုစီးပွှားဘဝများဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတားများတည်ဆောက်ခြင်း/ပြုပြင်ခြင်း၊ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ခြင်း၊ စာကြည့်တိုက်များ ထူထောင်ခြင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်း၊ ပညာရေး/ကျန်းမာရေးလိုအပ်ချက်များအား ဖြည့်ဆည်းခြင်း စသောလုပ်ငန်းစဉ်များအား ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့၊ (၀၇၀၀)အချိန်တွင် ဟင်္သာတခရိုင်၊မြန်အောင်မြို့နယ်၊ကျွဲတဲကုန်းကျေးရွာအုပ်စု၊ လေးဗမောကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် လေးဗမောကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နိုင်ငံလုံးမီးလင်းနိုင်ရေးကို ဆောင်ရွက်လျက်ရှိကာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ (၅၀%)မီးလင်းပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် NEP စီမံကိန်းအရ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများသို့ လျှပ်စစ်မီးဖြန့်ဝေနိုင်ရေးအတွက် မဟာဓါတ်အားလိုင်းနှင့် အကွာအဝေးပေါ်မူတည်၍ ဦးစားပေးအလိုက် လျှပ်စစ်ဓါတ်အားရရှိရေးဆောင်ရွက်ပေးလျက်ရှိပြီး ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကာ ကျွဲတဲကုန်းအုပ်စု၊ လေးဗမောကျေးရွာ မီးလင်းရေးအတွက် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သိန်း(၄၀၀)ဖြင့် 11KV ဓါတ်အားလိုင်း(၁)မိုင်နှင့် 220KVA ထရန်စဖော်မာ (၁)လုံးတို့အား တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး မိမိတို့တိုင်းဒေသကြီးသည် ဖွံ့ဖြိုးမှုအားနည်းသော တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အတွက် တိုင်းဒေသကြီးဖွံ့ဖြိုးမှုမြန်ဆန်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသများသို့ လျှပ်စစ်မီးရရှိလာသည်နှင့်အမျှ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ ပညာကိုပိုမိုလေ့လာနိုင်မည်ဖြစ်ပြီး တောင်သူဦးကြီးများအနေဖြင့်လည်း မြန်မာ့ရုပ်မြင်သံကြားထုတ်လွှင့်သည့် ရာသီဥတုအခြေအနေများအား လေ့လာ၍ လုပ်ငန်းခွင် တွင်အကျိုးရှိစွာအသုံးချနိုင်ခြင်း၊ တရားဥပဒေစိုးမိုးရေးကိုလည်း တစ်ဖက်တစ်လှမ်းက အထောက်အကူပြုလာမည်ဖြစ်ပြီး ပြည်သူများအတွက် အဖက်ဖက်ကဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဝမ်းသာပိတိဖြစ်ရသကဲ့သို့ ကျေးရွာနေ ပြည်သူများအနေဖြင့်လည်း မိမိတို့ခံစားရရှိသော လျှပ်စစ်မီးအကျိုးကျေးဇူးကို မှန်ကန်သော ခံယူချက်များဖြင့် အသုံးချနိုင်ကြဖို့လိုပါကြောင်းနှင့် အသေးစား စက်မှု/လက်မှု လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့လိုအပ်သည့်အပြင် လျှပ်စစ်မီးရရှိမှုအတွက် ခံစားရရှိသော အကျိုးကျေးဇူးများအား သိရှိနားလည်၍ မီးလင်းရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကိုလည်း ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့လည်း လိုအပ်ပါကြောင်းမှာကြား ခဲ့ပြီး၊ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်း ခဲ့ပါကြောင်း သတင်းရရှိပါသည်။
(အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဦးတင်အောင်ဝင်းနှင့်ဇနီး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ကျေးရွာ မီးလင်းရေးကော်မတီများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။)

14-Jan-2020